
မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်တုန်းကပေါ့။ သာဝတ္တိပြည်မှာ ပါဠိလို `အရိယာ´ အမည်ရတဲ့သူတစ်ဦး ရှိခဲ့ဖူးတယ်။ မြန်မာလိုဆိုရင်တော့ ကိုစင်ကြယ် (တစ်နည်း) ကိုမြင့်မြတ်လို့ ခေါ်ရမှာပေါ့။ နာမည်ကသာ အရိယာ၊ လူက နွမ်းပါးတော့ ငါးမျှားတဲ့အလုပ်၊ တံငါသည်အလုပ် လုပ်နေရတယ်။
အဲဒီတော့ နာမည်ကသာ စင်ကြည်မြင့်မြတ် ဆိုပေမယ့် ဘဝက မစင်ကြည် မမြင့်မြတ်နိုင်ဘူးပေါ့။ အခုခေတ် မိဘတွေ ကိုယ့်သားသမီးကို နာမည်ကောင်း ပေးတတ်သလို ရှေးခေတ်ကလည်း ပေးခဲ့ကြတာနေမှာပါ။
လူ့ဘဝမှာက `လူ´ ဆိုတာ သုံးမျိုးတောင် ရှိတယ်။
(၁) ကုသိုလ်မရ-ဝမ်းမဝသူ အောက်တန်းစားလူက တစ်မျိုး၊
(၂) ကုသိုလ်မရ-ဝမ်းသာဝသူ အလယ်လတ်တန်းစားလူက တစ်မျိုး၊
(၃) ကုသိုလ်လည်းရ-ဝမ်းလည်းဝသူ အထက်တန်းစားလူက တစ်မျိုးပေါ့။
အဲဒီအထဲမှာ အရိယာ(ခေါ်) ကိုမြင့်မြတ်က နံပါတ်(၁) အမျိုးအစားလူထဲ ပါနေတော့ နာမည်ကသာ မြင့်မြတ်တဲ့၊ လူက မမြင့်မြတ်နိုင်ဘူး ဖြစ်နေတယ်။
ဒီလိုနဲ့ တစ်နေ့သောအခါမှာ မြတ်စွာဘုရားရှင်က တံငါသည် ကိုမြင့်မြတ် တရားထူး ရနိုင်တဲ့အကြောင်း (ဥပနိ ဿ ယ) ကို မြင်တော်မူလို့ အဲဒီ ကိုမြင့်မြတ်တို့နေရာ သာဝတ္တိမြို့မြောက်ဘက် တံခါးအနီး ရွာကို ရဟန်းတော်အများနဲ့ ဆွမ်းခံကြွတော်မူခဲ့ပါတယ်။
ဆွမ်းခံလှည့်လည်ပြီးတဲ့အခါ နောက်ပါ ရဟန်းတော်တွေနဲ့အတူ အဲဒီရွာကနေ ပြန်ကြွတော်မူခဲ့ပါတယ်။ အဲဒီအချိန်မှာ အရိယာ (ခေါ်) ကိုမြင့်မြတ်က လမ်းအနီးမှာရှိတဲ့ ချောင်းနံဘေးမှာ တစ်ယောက်တည်း အသာထိုင်ပြီး အေးအေးဆေးဆေး ငါးမျှားနေသတဲ့။
လမ်းပေါ်မှာ ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာတော်တွေ ဆွမ်းခံပြန်ကြွလာတာကို အနီးရောက်မှ ရုတ်တရက် မြင်လိုက်ရတဲ့အခါ ကိုမြင့်မြတ်တစ်ယောက် လက်ထဲက ငါးမျှားတံကို ကပျာကယာ ပစ်ချလိုက်ပြီး ခပ်ရို့ရို့ကလေး လမ်းဘေးမှာ ရပ်နေလိုက်ပါတယ်။
မြတ်စွာဘုရားရှင်ကလည်း အဲဒီနေရာ အရောက်မှာပဲ ကိုမြင့်မြတ်ရဲ့ အနီး ရပ်တော်မူလိုက်တယ်။ ရပ်တော်မူပြီးတဲ့အခါ နောက်ပါသံဃာတော်တွေဘက် လှည့်တော်မူပြီး အရှင်သာရိပုတ္တရာကစပြီး တစ်ပါးချင်းစီကို ``ချစ်သား၊ သင်ဟာ အဘယ် အမည်ရှိသလဲ´´ လို့ ဘွဲ့နာမည်တွေကို မေးတော်မူပါသတဲ့။
အဲဒီအခါ ရဟန်းတော်တွေကလည်း ``မြတ်စွာဘုရား၊ တပည့်တော် သာရိပုတ္တရာ အမည်ရှိပါတယ်ဘုရား၊ တပည့်တော် မောဂ္ဂလာန် အမည် ရှိပါတယ်ဘုရား´´ စသည်ဖြင့် မိမိတို့ရဲ့ ဘွဲ့အမည်အသီးသီး ပြန်လည်ဖြေကြားတော်မူကြပါတယ်။
အဲဒါကို ဘေးကနေရပ်ကြည့်ပြီး နားထောင်နေတဲ့ ကိုမြင့်မြတ်ကလည်း ``အင်း-မြတ်စွာဘုရားဟာ ရဟန်းတော်တွေကို တစ်ပါးချင်းစီ ဘွဲ့နာမည်တွေ မေးတော်မူနေတယ်၊ ငါ့နာမည်ကိုလည်း မေးလိမ့်မယ်ထင်တယ်´´ လို့ တွေးလိုက်မိသတဲ့။
မြတ်စွာဘုရားရှင်ကလည်း ကိုမြင့်မြတ်ရဲ့ အတွေးကို အဘိညာဉ်နဲ့ သိတော်မူလိုက်လို့ ကိုမြင့်မြတ်ဘက် လှည့်တော်မူလိုက်ပြီး
``ဥပါသကာ၊ အသင်သည်ရော အဘယ်အမည် ရှိပါသလဲ´´ လို့ မေးတော်မူပါတယ်။ အဲဒီအခါ ကိုမြင့်မြတ်က --
``ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ ဘုရား တပည့်တော် အရိယာ= ငမြင့်မြတ် အမည်ရှိပါတယ် ဘုရား´´ လို့ လျှောက်ထားပါတယ်။ ဒါနဲ့ မြတ်စွာဘုရားရှင်က
``ဥပါသကာ၊ ဒီလိုမျိုး သူတစ်ပါးအသက်ကို သတ်တတ်ရင်ဖြင့် အရိယာ=မြင့်မြတ်သူ မဖြစ်နိုင်ပေဘူး။ အရိယာ=မြင့်မြတ်သူတို့မည်သည်ကား သက်ရှိသတ္တဝါမှန်သမျှကို မညှဉ်းဆဲတတ်ဘူး၊ အရိယာ=မြင့်မြတ်သူဆိုတာ နာမည်ပေးရုံနဲ့ ဖြစ်နိုင်တာ မဟုတ်ဘူး၊ စိတ်ထားမြင့်မြတ်မှ အရိယာ=မြင့်မြတ်သူ ဖြစ်နိုင်တယ်´´
လို့ အရိယာဆိုတဲ့ အမည်ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆို ဟောကြားတော်မူပြီး၊ တံငါသည် ကိုမြင့်မြတ်နဲ့ သင့်လျော်တဲ့တရားကို ဟောကြားတော်မူပါတယ်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့ တရားကို စိတ်ပါလက်ပါ စူးစူးစိုက်စိုက်နဲ့ ရိုသေစွာနာကြားတဲ့အခါ တရားတော်ရဲ့ အဆုံးမှာ ကိုမြင့်မြတ်တစ်ယောက် သစ္စာလေးပါး အမှန်တရားကို ထိုးထွင်းသိမြင်ပြီးတော့ သောတာပန် အရိယာ ဖြစ်သွားပါတယ်။
ခုတော့ မိဘတွေ ပေးခဲ့တဲ့ နာမည်နဲ့ ကိုက်သွားပြီ။ ဘုရားရှင်ရဲ့ ကျေးဇူးကြောင့် သူ့နှလုံးသားထဲမှာရှိတဲ့ မြင့်မြတ်မှုတွေ လမ်းပွင့်သွားပြီး အရိယာအစစ် ဖြစ်သွားပြီပေါ့။
ဘဝသံသရာခရီးဆိုတာ တစ်ခါတစ်ရံ ဒီလိုပါပဲ။ သောတာပန် အရိယာဖြစ်မယ့် ပုဂ္ဂိုလ် အလောင်းလျာပေမယ့် တံငါသည် လုပ်ချင်လုပ်နေရတာ၊ တချို့များ ရဟန္တာဖြစ်ဖို့ ပါရမီပါလာတာတောင်မှ လူသတ်သမား၊ သူခိုး၊ လူဆိုး၊ လုပ်နေရတာလည်း ရှိတာပဲ။ တချို့လည်း အမူးသမား ယစ်ထုပ်ကြီးတွေအဖြစ်နဲ့ နေရတာပေါ့။
အဲဒီတော့ အခုလောလောဆယ် ဘာဖြစ်နေတယ် ဆိုတာက အရေးမကြီးဘူး၊ ကိုယ့်နှလုံးသားထဲမှာရှိတဲ့ မြင့်မြတ်မှု မျိုးစေ့ကလေးကို အပင်ပေါက်လာအောင်၊ ကြီးထွား ဖွံ့ဖြိုးလာအောင် လုပ်ပေးဖို့ကပဲ အရေးကြီးပါတယ်။
လူတိုင်းမှာ ပါရမီမြင့်မြတ်မှုဆိုတာ အနည်းနဲ့အများသာ ကွာတာပါ၊ ရှိတာချည်းပဲ။ ဘဝသံသရာဆိုတာ အရှည်ကြီးလာခဲ့ကြတာဆိုတော့ ရှိကြမှာပါ။ အဲဒါကို ကိုယ်က မသိလို့ မဖော်ထုတ်ဖြစ်တာပါ။ ယခုလို သာသနာ့လမ်းစဉ်နဲ့ တွေ့ကြုံတဲ့အခါ ဖော်ထုတ်ဖြစ်အောင် ဖော်ထုတ်ကြရင် တံငါသည် ကိုမြင့်မြတ် အရိယာ ဖြစ်သလို ဖြစ်ကြမှာပါပဲ။
တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး
ဤဓမ္မပုံပြင်ဖြင့် တိပိဋကဓရ (ယော) ဆရာတော်က-
(၁) လူတိုင်းတွင် မြင့်မြတ်မှုမျိုးစေ့ ရှိနေကြောင်း၊
(၂) မြင့်မြတ်မှုဘက်သို့ စိတ်ကို ဦးလှည့်၍ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကြိုးစားအားထုတ်ပါလျှင် မည်သူမဆို မြင့်မြတ်သူ ဖြစ်နိုင်ကြောင်းနှင့်၊
(၃) ဘဝဇာတ်ခုံပေါ်တွင် လူအဖြစ်နှင့် မည်သို့မည်ပုံ သရုပ်ဆောင်နေရစေကာမူ၊ ဘုရားရှင်၏ အဆုံးအမကို တကယ်တမ်း ရကြလျှင် လူတိုင်း စင်ကြယ်မြင့်မြတ် ငြိမ်းအေးသူများ ဖြစ်နိုင်ပါကြောင်းကို ပြောပြလိုရင်း ဖြစ်ပါသည်။
(ဓမ္မပုံပြင်များ စာအုပ်မှ)
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment