
�မြတ်စွာဘုရားကတော့ အားလုံးခြုံငုံမိအောင်
သတိပဋ္ဌာန်တရားမှာ
“ကာယာနုပဿနာ၊
ဝေဒနာနုပဿနာ၊
စိတ္တာနုပဿနာ၊
ဓမ္မာနုပဿနာ”လို့
“အနုပဿနာ” အာရုံလေးမျိုး ပေးထားတယ်။
ဒီလေးမျိုးကလွဲပြီး မလုပ်ရဘူးလို့ ပြောတာတော့
မဟုတ်ဘူး။ ဒီ ၄-နည်းထဲမှာ တစ်နည်းမဟုတ်တစ်နည်း
အကျုံးဝင်တယ်လို့ ပြောတာ။
�ခုနပြောနေတဲ့ ကိုယ့်ရဲ့သဘာဝတွေကို ဆင်ခြင်
စဉ်းစားတယ်ဆိုတာ အများအားဖြင့် “ဓမ္မာနုပဿနာ”
ထဲမှာ အကုန်အကျုံးဝင်တယ်။
အဲဒါကြောင့် အဖန်ဖန် အထပ်ထပ် ဆင်ခြင်သုံးသပ်ခြင်း
ဆိုတဲ့ contemplation ဟာ ဘ၀မှာ အင်မတန်
တန်ဖိုးရှိတယ်။ပင်ပန်းတဲ့အရာလည်း မဟုတ်ဘူး။
�ခုန concentration လုပ်ဖို့ရာအတွက် ကမ္မဋ္ဌာန်းကို
ကြာရှည်ထိုင်ဖို့ရာအတွက် အသက်အရွယ်ကြီးတဲ့
ပုဂ္ဂိုလ်တွေလည်း မထိုင်နိုင်ဘူး။
အသက်အရွယ် မကြီးသော်လည်းပဲ ခန္ဓာကိုယ်ကြံ့ခိုင်မှု
မရှိတဲ့ ပုဂ္ဂိုလ်တွေလည်း မထိုင်နိုင်ကြဘူး။
မထိုင်နိုင်တဲ့အခါ meditation ရဲ့ သဘောကို
မသိသည့်အတွက်ကြောင့် meditation လုပ်ရမှာ
ကြောက်လန့်နေသလို ဖြစ်နေတယ်။
အဲဒီတော့ ကြောက်လန့်စရာမရှိဘူး။
meditation ဆိုတာ စိတ်အလုပ်ပဲ၊ မနောကံ
လို့ခေါ်တယ်။ ဘာဝနာဟာ မနောကံသက်သက်ပဲ
ဖြစ်တယ်။
�ဒါကြောင့် စိတ်ထဲက နှလုံးသွင်းပြီး စိတ်ထဲမှာ
အကုသိုလ်မဖြစ်အောင် စိတ်နဲ့ စိတ်ကို ပြန်ရှင်းပစ်တာပဲ။
အဲဒီတော့ ကိုယ်မွေးရမယ့်စိတ်က တစ်ခု၊သဘာဝအားဖြင့်
ဖြစ်နေတဲ့စိတ်က တစ်ခုလို့ - ဒီလိုနှစ်ခု ခွဲပြီးတော့
မှတ်ကြည့်ရအောင်။
မြင်လိုက်လို့ရှိရင် မြင်တာကို သိလိုက်တဲ့စိတ်က
ဒါ ပကတိစိတ်လို့ ပြောရင်ပြောလို့ရတယ်။
အဲဒီမြင်လိုက်တဲ့စိတ်ရဲ့ ဒီအာရုံပေါ်မှာ ဖြစ်ပျက်သွားတဲ့
သဘောတွေကို နောက်က သတိထားတဲ့ meditation
စိတ်က လိုက်ပြီးတော့ သိသွားတယ်။
အဲဒီ meditation စိတ်ဟာ ဘယ်သူနဲ့ တွဲလာတုန်း
ဆိုတော့ သတိတို့ ၊သမ္ပဇညတို့ ၊၀ီရိယတို့
ဒီစွမ်းအားတွေနဲ့ တွဲလာတယ်။
�သူ့ဟာသူ ဖြစ်တဲ့စိတ်က သတိမပါဘူး။
သူ့ဟာသူ automatic ကို သွားတာ။
သူကမြင်လိုက်ရင် မြင်မှန်းသိလိုက်တယ်။
အသံကြားလိုက်ရင် ကြားတာကို သိတယ်။
အနံ့ရရင်လည်း နံမှန်းသိတယ်။
အရသာပေါ်ရင်လည်း ပေါ်မှန်းသိတယ်။
ထိတွေ့ရင်လည်း ထိမှန်း သိလိုက်တယ်။
ဒါတွေက စိတ်ရဲ့ သဘာဝရဲ့ တုန့်ပြန်မှုအနေနဲ့
သွားနေတာ၊ အဲဒါ ပကတိစိတ်ဆိုပါစို့။
အဲဒီ ပကတိစိတ်မှာ နောက်ထပ်ဆက်ပြီးတော့
တွေးလိုက်တာတွေက လိုချင်တဲ့လောဘနဲ့ တွေးတယ်။
မုန်းတီးတဲ့ ဒေါသနဲ့ တွေးတယ် ဆိုတော့
အကုသိုလ်တွေချည်းပဲ ဆက်လာနေတယ်။
�အဲဒီနေရာမှာ မုန်းတီးတဲ့စိတ် မ၀င်အောင်၊
လိုချင်တဲ့စိတ် မ၀င်အောင် ဆိုတဲ့ “သတိသမ္ပဇည”
စွမ်းအားနဲ့ ပြန်ထိန်းလိုက်တာ။ ပြန်ထိန်းလိုက်သည့်
အတွက်ကြောင့် သူ့အတွေးမှာ လောဘမပါတော့ဘူး။
ဒေါသမပါဘူး၊ မောဟမပါဘူး။
သတိပညာနဲ့တွေးတဲ့ ဒီအတွေးလေးတွေ
ပါလာသည့်အတွက်ကြောင့် ဆင်ခြင်တုံတရားတွေ
ပြည့်လာတယ်။ နောက်ဆုံးမှာ သတိစွမ်းအားတွေ၊
ပညာစွမ်းအားတွေ မြင့်တက်လာပြီဆိုရင် လောဘနဲ့
တွေးတဲ့ အတွေး ဘယ်တော့မှ ပေါ်မလာတော့ဘူး။
ဒေါသနဲ့တွေးတဲ့ အတွေးလည်း ဘယ်တော့မှ
ပေါ်မလာတော့ဘူး။မှန်မှန်ကန်ကန် သဘာဝ
အတိုင်း သိမြင်တဲ့ အတွေးမျှသာ ပေါ်လာတယ်
ဆိုတဲ့ အဆင့်ကို ရောက်သွားတယ်။
အဲဒီအဆင့်ကို ရောက်အောင် ကိုယ့်စိတ်ကို
ကြိုးစားပြီး ပြင်တာ၊ ဒါ meditation လုပ်ငန်းပဲပေါ့။
အဲဒီလို လုပ်ရင်းလုပ်ရင်းနဲ့ နောက်ဆုံးမှာ
ကိုယ်ကြည့်တဲ့ အာရုံတစ်ခု၊ ကိုယ့်စိတ်ထဲပေါ်လာတဲ့
အာရုံတစ်ခုနဲ့ ပတ်သက်ပြီး ဒီအာရုံတွေပေါ်မှာ
နှစ်သက်ကျေနပ်မှုဆိုတာ ဘာမှမရှိတော့ဘူး။
ဖြစ်ပြီးတော့ ပျက်သွားတဲ့သဘောတွေပဲတွေ့ပြီး
ဒီသင်္ခါရ အာရုံတွေအပေါ်မှာ ငြီးငွေ့စရာတွေ၊
စိတ်ပျက်စရာတွေ၊ အမြဲတမ်း ဖြစ်လိုက်
ပျက်လိုက်ဆိုတဲ့ သဘာဝတွေမြင်ရတော့
ဒီသင်္ခါရတွေအပေါ်မှာ ငြီးငွေ့လာတယ်။
လွတ်မြောက်ချင်တယ်ဆိုတဲ့ သဘောတွေ
ပေါ်လာတယ်။
�နောက်ဆုံးကျတော့ ပြန်လည်ဆင်ခြင်သုံးသပ်လာတယ်။
သုံးသပ်ပြီး ဒီသဘာဝတရားတွေနဲ့ စိတ်ဟာ
နေသားတကျ ဖြစ်လာတယ်။
မုန်းတီးမှုဆိုတာ မရှိတော့ဘူး။
ချစ်ခင်တွယ်တာမှုဆိုတာ မရှိတော့ဘူး။
ကိုယ်နဲ့မဆိုင်တဲ့ အရာတစ်ခုကို ထိုင်ကြည့်နေတဲ့
အနေအထားမျိုး ဖြစ်လာတယ်။ နောက်ဆုံးမှာ
အဲဒီဖြစ်ပျက်မှုတွေ သင်္ခါရတရားတွေ လုံးဝ
ဆုံးသွားတဲ့ အဆင့်တစ်ခုကို ရောက်သွားတယ်ပေါ့။
�အဲဒီအာရုံလေးတစ်ခုဟာ ဆုံးသွားတဲ့အဆင့်လေး
တစ်ခု ရောက်လိုက်တာနဲ့ တစ်ပြိုင်နက် သံသရာက
ပါလာတဲ့ လောဘတွေ ၊ဒေါသတွေ ၊မောဟတွေဟာ
အကုန်လုံး burn down အလောင်ခံလိုက်ရတာ။
အဲဒီနေရာလေးကို ရောက်သွားတဲ့ အခါကျရင်
မာန်မာနတွေလည်း ပျောက်သွားတယ်။
လောဘတွေလည်း ပျောက်သွားတယ်။
ဒေါသတွေလည်း ပျောက်သွားတယ်။
အဲဒါကိုပဲ သင်္ခါရတွေရဲ့ ချုပ်ဆုံးသွားရာ နိဗ္ဗာန်
လို့ ပြောတာ။
�အဲဒီ နိဗ္ဗာန်ကို အာရုံပြုပြီး အဲဒီအဆင့်ကို
ရောက်သွားတဲ့ စိတ်ကလေးက နိဗ္ဗာန်နဲ့
ထိတွေ့လိုက်တာနဲ့ တစ်ပြိုင်နက် သံသရာက ပါလာတဲ့
အနုသယဓာတ်ပါမကျန် ကိလေသာမှန်သမျှ
အကုန်လုံး မဂ်လေးပါး ၊ ဖိုလ်လေးပါးဖြင့်
ငြှိမ်းသတ်ဖယ်ရှားပစ်နိုင်တယိ။
အဲဒီတော့ နိဗ္ဗာန်သွားရမည့်လမ်းက ဒီတစ်ခုတည်းပါပဲ။
ဝိပဿနာဉာဏ်နဲ့ ရှုမြင်သုံးသပ်ခြင်းဖြင့် ၀ိပဿနာ
ဉာဏ်ရင့်သန်လာတဲ့အခါမှာ နောက်ဆုံး သင်္ခါရတွေ
ချုပ်ဆုံးသွားတဲ့ အဆုံးကို ရောက်သွားတာနဲ့
တစ်ပြိုင်နက် ကိလေသာတွေ အကြွင်းအကျန်
မရှိအောင် ဖယ်ရှားနိုင်တယ်။
�မဂ်လေးကြိမ်လေးခါ ဖြစ်ပြီးရင် နောက်ဆုံးမှာ
ကိလေသာဆိုတာ အားလုံး ကုန်သွားတယ်။
နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်ဆိုတဲ့အဆင့်ကို
ရောက်သွားတယ်။ ခန္ဓာကြီးရှိနေလို့ ဒုက္ခကြုံနေ
သေးသော်လည်း နောက်ထပ် ဒီလိုဒုက္ခကြုံရမည့်
ခန္ဓာမျိုး ရစရာအကြောင်း မရှိတော့ဘူး။
ခန္ဓာမရှိရင် ခန္ဓာနဲ့စပ်ပြီး ဖြစ်ပေါ်လာမည့်ဒုက္ခ၊
ဒီခန္ဓာရမှ စပြီးဖြစ်ပေါ်လာတဲ့ ကိလေသာဆိုတဲ့
စိတ်ရဲ့ အညစ်အကြေးတွေကို ဖျက်ဆီးပစ်လိုက်နိုင်တာနဲ့
တစ်ပြိုင်နက် “ကမ္မ၀ဋ်” ဆိုတဲ့ မိမိသန္တာန်မှာ on line
ဖြစ်နေတဲ့ ကံတွေဟာ အလိုအလျောက် ဘဝ
တစ်ခုကို ထုတ်လုပ်နိုင်စွမ်းမရှိတော့ဘဲနဲ့
ဒီကံတွေရဲ့ စွမ်းအားဟာ လျော့ကျသွားတယ်။
နောက်ဆုံး ကိလေသာကုန်သွားသည့်အတွက်ကြောင့်
အကြောင်းကံတွေလည်း ကုန်သွားတယ်။
ရရှိထားတဲ့ ၀ိပါက် ကမ္မဇရုပ်ခန္ဓာကိုယ်ကြီးကလည်း
အချိန်တန်တဲ့အခါ နောက်ဆုံးပိတ် ချုပ်ငြိမ်းသွားတယ်။
နောက်ထပ်ဆက်စရာ မရှိတော့ဘူး။
ဒုက္ခဟူသမျှ ဘာမှမရှိတော့ဘူး။
အမည်နာမခေါ်စရာ ဘာမှမရှိဘူး။
မလိုချင်တဲ့ မမြဲတဲ့အရာအားလုံးဟာ ချုပ်ဆုံး
သွားပြီးတော့ အငြိမ်းဓာတ်ဆိုတဲ့ နိဗ္ဗာန်ကို
မျက်မှောက်ပြုရတယ်။
�မြတ်စွာဘုရား ဟောကြားတဲ့ တကယ့်ကျင့်စဉ်ဟာ
ဒီအတိုင်းပဲဖြစ်တယ်။ စိတ်ဖြူစင်မှုကို အကြောင်းပြုပြီးမှ
ဒါတွေဟာ လုပ်လို့ရတယ်ဆိုတာပဲ။
ဒါကြောင့်မို့ contemplation (နှလုံးသွင်းဆင်ခြင်မှု)ဟာ
အသက်အရွယ်မရွေး ဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေ၊
ကျန်းမာသူပဲဖြစ်စေ၊ မကျန်းမာသူပဲဖြစ်စေ
စိတ်အလုပ်သက်သက်ဖြစ်တာဖြစ်သောကြောင့်
မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရအောင်၊
အကုသိုလ်တွေနဲ့ဆိုင်ရာတွေ မတွေးတောအောင်
ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်။
ပြီးတော့ တွေးတောဆင်ခြင်တာဟာ
meditation လုပ်တာပဲ။
ယခုလို meditation ရဲ့သဘောကို သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်မဖြစ်အောင် သတ
ိဆောင်၍ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ
သတည်း ။
【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ】
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment