
ညနေဘက်မှာ အမေ့အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ တောင်ကုန်းတွေပေါ်မှာ လမ်းလျှောက်သွားတဲ့အခါ သဘာဝအလျောက်ပွင့်နေတဲ့ ပန်းရနံ့တွေရတယ်။ အဲဒီပန်းရနံ့တွေကိုလည်း ကျေးဇူးတင်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်ကြည်နူးတဲ့စိတ်နဲ့ အားရပါးရ ရှူရှိုက်လိုက်ပါတယ်။
တန်ဖိုးထားတတ်တဲ့သူအဖို့ တန်ဖိုးထားစရာတွေဟာ နေရာတိုင်းမှာတွေ့နိုင်ပါတယ်။ ကျေးဇူးသိတတ်တဲ့သူအဖို့ ကျေးဇူးတင်စရာတွေဟာ နေရာတိုင်းမှာတွေ့နိုင်ပါတယ်။ စိတ်ဝင်စားတတ်တဲ့သူအဖို့ စိတ်ဝင်စားစရာတွေဟာ နေရာတိုင်းမှာတွေ့နိုင်ပါတယ်။ သာမန်အားဖြင့် လူတွေဟာ ကိုယ်မရနိုင်တာတွေ၊ မဖြစ်နိုင်တာတွေတွေးပြီးတော့ "ငါ့ဘဝကြီးဟာ ကံဆိုးလှချည်လား။ ဟိုဟာလည်း ငါမရဘူး။ ဒီဟာလည်း ငါမရဘူး။" နဲ့ တွေးတတ်တယ်။ ပန်းလေးတွေအနံ့မွှေးတာ သိတောင်မသိတော့ဘူး။ ဒီပန်းလေးတွေကိုကျေးဇူးတင်ရမှန်း သိတောင်မသိတော့ဘူး။ ဒါတွေဟာ ရုတ်တရက်တွေးရင်တော့ အလကား ရူးကြောင်ကြောင်တွေပါလို့ တွေးရင်တွေးမယ်နော်။ မဟုတ်ဘူး။ အရာရာတိုင်းကိုတန်ဖိုးထားတယ်၊ အရာရာတိုင်းကိုကျေနပ်တယ်၊ ကျေးဇူးတင်တယ်ဆိုတဲ့ စိတ်ဖြစ်နေတာဟာ ဘဝကို အဓိပ္ပာယ်တစ်မျိုးရှိစေတယ်။ ဒီလိုစိတ်ဖြစ်နေတဲ့ စိတ်ရဲ့အရည်အသွေးထဲမှာ အင်မတန်မြင့်မြတ်တဲ့သဘော ပါနေတယ်။
အရာရာတိုင်းဟာ စိတ်ပေါ်မှာမူတည်ပါတယ်။ စိတ်တစ်ခုကိုပြုပြင်လိုက်ရင် တစ်လောကလုံးပြောင်းလဲသွားတယ်။ အမြင်မှန်ဖို့၊ သဘောထားမှန်ဖို့၊ စေတနာမှန်ဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။ ရဖို့ထက် သိဖို့က ပိုအရေးကြီးတယ်။ ရတာထက် သိတာက ပိုတန်ဖိုးရှိတယ်။ ပိုအကျိုးရှိတယ်။ ကျေနပ်မှု အေးချမ်းမှု ပိုပေးတယ်။ လူအများဟာ သိဖို့ထက် ရဖို့ကိုပိုဦးစားပေးကြတယ်။ ဒါ့ကြောင့်မအေးချမ်းတာပဲ။ မသိတဲ့သူဟာ မရလည်း ဒုက္ခ၊ ရလည်း ဒုက္ခပါပဲ။
တစ်ခါတစ်လေ ခြေလှမ်းတိုင်း၊ မြင်ကွင်းတိုင်း၊ ငှက်ကလေးတွေရဲ့တေးဆိုသံကြားရတိုင်း ကျေနပ်တဲ့စိတ်နဲ့ ခံယူပါတယ်။ နေရမည့်အချိန်ထက် ပိုပြီးနေနေရတဲ့အတွက် အချိန်ငှားနဲ့နေနေရသလိုဖြစ်တဲ့အတွက် သွားလာလှုပ်ရှားခွင့်ရနေတာ၊ မြင်ခွင့်ရနေတာ၊ ကြားခွင့်ရနေတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ရပိုင်ခွင့်တစ်ခုကိုရနေတာမျိုးမဟုတ်ပဲ အခွင့်ထူးတစ်ခုရနေတာ လက်ဆောင်တစ်ခုရနေသလိုပဲ။ သူ့စိတ်ထဲမှာ သူဟာ ငှားထားတဲ့အချိန်နဲ့ နေနေရတဲ့သူ၊ သူ့အချိန်က ကုန်သွားပြီ။ မရှိတော့ဘူး။ သူဟာ အခု အချိန်ပိုနဲ့ နေနေရတဲ့သူ။ အဲဒီတော့ မြင်တိုင်း မြင်တိုင်း၊ ကြားတိုင်း ကြားတိုင်းပဲ သူဟာ ဒီအချိန်ပိုလေးနဲ့ ဆက်လက်ပြီးအသက်ရှင်နေရတာလေးကိုပဲ သိပ်ကျေးဇူးတင်တယ်တဲ့။
တစ်နေ့တာအသက်ရှင်ရတာကို ဝမ်းသာတဲ့စိတ်နဲ့ နေတတ်ဖို့လိုပါတယ်။ "သြော် တစ်နေ့တာ ငါမသေသေးဘူး။ ငါ ကောင်းတာတွေအများကြီးလုပ်နိုင်သေးတယ်။" အလုပ်ဆိုတာ ပိုက်ဆံရတဲ့အလုပ်ကိုမှ အလုပ်လို့ပြောတာမဟုတ်ဘူးနော်။ ကိုယ့်အိပ်ရာထဲမှာ ကိုယ်အိပ်ပြီးတော့ပဲဖြစ်ဖြစ် အသက်ရှူတာလေးကိုသိပြီးတော့နေမယ် သို့မဟုတ် ခန္ဓုာကိုယ်မှာဖြစ်နေတဲ့ တခြားဝေဒနာတစ်ခုခု ထိမှုလေးကို သိပြီးတော့နေမယ်။ တစ်ခါတစ်ရံ စိတ်ထဲမှာပေါ်လာတဲ့ အတွေးတွေကိုဖြစ်ဖြစ် သိပြီးတော့နေမယ်။ အသံတစ်ခုခုကြားလိုက်တိုင်း အဲဒီအသံလေးကို ကြားတယ်လို့ သိမယ်။ ဒါလောက်ကလေး သိပြီး နေနိုင်မယ်ဆိုရင်ပဲ တန်ဖိုးအင်မတန်ရှိပါတယ်။ အင်မတန်မြင့်မြတ်ပါတယ်။
ဘာမှလုပ်လို့မဖြစ်ဘူးဆိုတာတော့ မဟုတ်ဘူး။ ဒီလို အရာရာတိုင်းကိုတန်ဖိုးထားပြီးတော့ ကိုယ်နေရတဲ့အချိန်လေးတွေကို တန်ဖိုးထားပြီးတော့ အခွင့်ထူးကြီးရသလိုနေသွားမယ်ဆိုရင် ဒီလူရဲ့ဘဝဟာ ဘယ်လောက်လေးနက်နေမလဲနော်။ သာမန်လူတွေမှာတော့ အမှုမဲ့ အမှတ်မဲ့ နေသွားကြတဲ့အတွက် ကိုယ့်ဘဝမှာအခွင့်ထူးရနေတာကို မသိကြဘူး။ ဝမ်းသာရမှန်း မသိကြဘူး။ ဘာမှမထူးတဲ့အရာတွေလို့ သဘောထားကြတယ်။ ထူးတာက ပြင်ပမှာမရှိဘူး။ အသိအမြင်ထူးမှ၊ သဘောထားထူးမှ၊ မြင်သမျှ ကြားသမျှတွေဟာ ထူးလာမယ်။
လွန်ခဲ့သောတစ်နှစ်အတွင်းမှာ လာလိုက်သွားလိုက်ဖြစ်နေတဲ့ အခက်အခဲတွေအမျိုးမျိုးကြားမှာကိုပဲ ကလေးတစ်ယောက်လို ပျော်ရွှင်မြူးထူးတဲ့စိတ်၊ အံ့သြတဲ့စိတ်၊ ချမ်းသာတဲ့စိတ်တွေဟာ ဘဝထဲမှာဖြစ်ပေါ်လာပါတယ်။ ဒီ ရွှင်မြူးတဲ့စိတ်ဟာ အရူးအမူးဖြစ်လောက်အောင်ပါပဲ။ အဲဒီစိတ်ဟာ အကောင်းဆုံးဆေးလို့ ခံစားမိပါတယ်။ ထူးခြားတဲ့အချက်က ဒီခံစားမှုဟာ ကိုယ်ဆင်းရဲမှုမရှိခြင်း၊ အခက်အခဲမရှိခြင်းဆိုတဲ့ အခြေအနေပေါ်မှာ လုံးလုံး မူမတည်ဘူးဆိုတာ ရှင်းနေလို့ပါပဲ။
ဒီလောက် ကျန်းမာရေးမကောင်းတဲ့လူတစ်ယောက်၊ အချိန်မရွေး သေနိုင်သူတစ်ယောက်ဟာ ဒီလိုပျော်နိုင်တာ အံ့သြစရာကောင်းပါတယ်။ သူ ဘာ့ကြောင့်ပျော်နိုင်တာလဲ။ လူတွေကထင်တာ့ "ငါ့မှာ ဒီလောက်ကြီးဒုက္ခခံနေရတာ ငါ ဘယ်လိုလုပ်ပျော်နိုင်မှာလဲ။" ပျော်နည်းကို သူတို့မသိလို့ပါ။ ရှိပါတယ်။ ဒါကို ကြိုကြိုတင်တင် အချိန်ယူပြီးတော့လုပ်ထားလိုက်ပါ။ တစ်နေ့ ဒါကိုအားကိုးရလိမ့်မယ်။ ဒီလို စိတ်ကြည်လင်အေးချမ်းနေတဲ့ပျော်နည်းကို ရဖို့ရာ ကြိုတင်ပြင်ဆင်ထားတဲ့လူဟာ ဒုက္ခကြီးနဲ့တွေ့ရတောင် ဒီဒုက္ခကြီး ကြားထဲမှာ ပီတိနဲ့ နေလို့ရသေးတယ်။ အံ့သြစရာ အင်မတန်ကောင်းပါတယ်။
ကြားရရင် ကြွားတယ်လို့ထင်မှာပဲနော်။ မဟုတ်ပါဘူး။ သတိနဲ့နေတတ်လို့ တစ်နေ့တစ်ခြား စိတ်ကြည်လင်အေးချမ်းနေတယ်။ ဘာအကြောင်းနဲ့ပတ်သက်လို့မှ မညည်းညူဘူး။ အခက်အခဲတွေ ဒုက္ခတွေ မရှိဘူးလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ ဒုက္ခတွေ အခက်အခဲတွေဆိုတာ လူတိုင်းရှိကြတာပေါ့။ ဒီကြားထဲကပဲ စိတ်ချမ်းသာအောင် နေတတ်တယ်။ တကယ်စစ်မှန်တဲ့သတ္တိ (ပစ္စုပ္ပန်တည့်တည့်သိနေတဲ့ သတိ) နှင့် တရားအားထုတ်ခြင်းဟာ တကယ်စစ်မှန်တဲ့မေတ္တာကို ဖော်ပြတာနဲ့တူနေတယ်။ အဲဒီလို တရားကိုလုံးသွင်းပြီး အင်မတန်ကြည်လင်အေးချမ်းနေတဲ့လူဟာ သူတစ်ပါးကိုဒုက္ခရောက်အောင် ဘယ်တော့မှမလုပ်ဘူး။ ကိုယ့်စိတ်ကချမ်းသာနေတော့ သူတစ်ပါးကို ငါ့လိုပဲစိတ်ချမ်းသာပါစေဆိုတဲ့ စိတ်ပဲဖြစ်တယ်။
လောကမှာ သူတစ်ပါးကိုဒုက္ခရောက်အောင်လုပ်တဲ့သူဟာ ဘယ်သူလဲဆိုတော့ သူတို့ကိုယ်တိုင်စိတ်မချမ်းသာတဲ့သူတွေပဲ။ ဒါက မိဘနဲ့သားသမီးကြားမှာ ဖြစ်ချင်လည်းဖြစ်မယ်။ ဇနီးမောင်နှံကြားမှာ ဖြစ်ချင်လည်းဖြစ်မယ်။ သူငယ်ချင်းချင်းလည်း ဖြစ်ချင်ဖြစ်မယ်။ အထက်လူကြီးနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ သူကိုယ်တိုင်စိတ်ဆင်းရဲနေရင် သူတစ်ပါးကိုလည်း စိတ်ဆင်းရဲအောင်လုပ်မယ်။ သူကိုယ်တိုင်စိတ်ချမ်းသာနေရင် သူတစ်ပါးကို ဘယ်နည်းနဲ့မှ စိတ်ဆင်းရဲအောင်လုပ်လို့မရဘူး။ စိတ်ချမ်းသာအောင်ပဲလုပ်မယ်။ ဒါဟာ ပါးစပ်ဖျားကဖြစ်ပေါ်လာတဲ့မေတ္တာ မဟုတ်ဘူး။ ရင်ထဲက လှိုက်လှိုက်လှဲလှဲဖြစ်ပေါ်လာတဲ့ မေတ္တာပဲ။ ပစ္စည်းတစ်ခုခုရလို့ဝမ်းသာတာ၊ အရောင်းအဝယ်အဆင်ပြေလို့ဝမ်းသာတာ၊ ရာထူးတိုးလို့ဝမ်းသာတာတွေ ကြားရပါတယ်။ ဒါတွေဟာ ဘယ်လောက်မြဲလို့လဲ။ ခဏပဲ ခံတာပါ။ အဲဒီတော့ အားလုံးကို တရားနှလုံးသွင်းစေချင်လိုက်တာ။ တရားနဲ့နေတတ်ရင် လောကဓံတရား အကောင်းအဆိုး အမျိုးမျိုးတွေ့ရပေမဲ့ စိတ်ထဲမှာ ကြီးကျယ်တဲ့ ဝမ်းသာဝမ်းနည်း မဖြစ်တော့ဘူး။
တစ်နေ့တာအတွင်းမှာ ဝေဒနာက တိုးတဲ့အခါတိုး၊ လျော့တဲ့အခါလျော့၊ အဆင်ပြေတဲ့အခါပြေ၊ မပြေတဲ့အခါမပြေ။ ဒီလိုကြားထဲမှာနေသွားရင်းနဲ့ကိုပဲ ဒီတစ်နေ့ဟာတန်ဖိုးရှိပါတယ်လို့ ခံစားလို့ရတယ်။ ဒါ့ကြောင့် တရားကိုနှလုံးသွင်းနေတဲ့လူဟာ အဆိုးနဲ့တွေ့လည်း အရှုံးမရှိဘူး။ သည်းခံနိုင်တဲ့စိတ် ရလာတယ်။ အကောင်းနဲ့တွေ့လည်း သတိသံဝေဂရတယ်။ တကယ်တော့ ဒီကောင်းတယ်ဆိုတာလည်း တစ်သက်လုံးမြဲမှာ မဟုတ်ဘူး။ သူဟာ အဲဒီလို တစ်နေ့တာလုံး အဖိုးတန်တယ်ဆိုတဲ့စိတ်ဖြစ်နေတယ်။ ဒီလူရဲ့စိတ်ထဲမှာ ငါကံဆိုးလေခြင်းလို့ မတွေးတော့ဘူး။ ဖြစ်သမျှကိုလက်ခံနိုင်တယ်။ လုပ်နိုင်သမျှကိုလုပ်တယ်။ တွယ်တာမှု၊ စွဲလမ်းမှု နည်းတယ်။ ဘယ်သူနဲ့မှ မပြိုင်ဘူး၊ မနှိုင်းဘူး။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။ အင်မတန်လွတ်လပ်တဲ့စိတ် ဖြစ်နေတယ်။
အရင်တုန်းကပျော်တာထက် အခု ပိုပျော်ပါတယ်။ ကိုယ့်ကိုယ်နဲ့ပတ်သက်ပြီး မကျေနပ်မှုမရှိဘူး။ ငြိမ်းချမ်းပါတယ်။ ဘဝမှာကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ဖြစ်ရလေခြင်းလို့ မကျေမနပ်မဖြစ်ဘူး။ ဒေါသမဖြစ်ဘူး။ ကျေနပ် အေးချမ်းနေပါတယ်။ ဒီစိတ်မျိုးနဲ့နေနိုင်သွားကြဖို့ သိပ်အရေးကြီးပါတယ်။ လူတိုင်း ကြိုးစားသင့်တယ်။ သူဖြစ်နိုင်ရင် ကိုယ်လည်းဖြစ်နိုင်ရမယ်။ ဘဝအခြေအနေတစ်မျိုးပြောင်းတိုင်း စိတ်အခြေအနေတစ်မျိုး ယိမ်းယိုင်တိမ်းစောင်းရမယ်ဆိုရင် ပရမ်းပတာနိုင်လွန်းလို့ ဣနြေ္ဒမရ၊ သိက္ခာမရှိ ဖြစ်ရတယ်။ လောကဓံကိုခံနိုင်ရည်ရှိမှ ဣနြေ္ဒရတယ်။ သိက္ခာရှိတယ်။
အဆင်ပြေတုန်းမှာ မေ့မေ့လျော့လျော့နဲ့ ပျော်နေကြတဲ့သူတွေကိုကြည့်ပြီး ကရုဏာဖြစ်မိပါတယ်။ အဆင်မပြေတာနဲ့ကြုံတဲ့အခါ သူတို့ ဘယ်လိုစိတ်မျိုးနဲ့ ဘယ်လိုအသိဥာဏ်မျိုးနဲ့ ရင်ဆိုင်မလဲ။ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်နော်။ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် မနေကြပါနဲ့။ ဘဝရှေ့ရေးနဲ့ပတ်သက်ပြီး ကြိုမြင်ထားပြီး ကြိုပြင်ထားမှ တော်ကာကျမယ်။
ဒကာ ဒကာမတွေအားလုံး မိမိတို့ဘဝမှာ အခက်အခဲတွေ အဆင်မပြေမှုတွေရှိနေသော်လည်း သတိနဲ့နေရင်း တစ်နေ့တစ်ခြား စိတ်နေစိတ်ထားတွေ အသိဥာဏ်တွေ လေးနက်ရင့်ကျက်ပြီးတော့ စိတ်ချမ်းသာအောင်နေတတ်တဲ့သူတွေ ဖြစ်ကြပါစေ။ ။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
၏
သတိဆိုတဲ့နေအိမ်, အပျော်ဆုံးလူ , ဗုဒ္ဓရင်ခွင်မှာ စာအုပ်မှ
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment