
လူတိုင်း မင်္ဂလာရှိချင်ကြသည်။ မင်္ဂလာကိုနှစ်သက်ကြသည်။ သဘောကျကြသည်။ လူသာမက အခြားသတ္တ၀ါများလည်း မင်္ဂလာကို နှစ်သက်ကြသည်။ လိုလားကြသည်။
ထို့ကြောင့် သဗ္ဗလောကဟိတတ္ထာယ မင်္ဂလံ (လောကသားအားလုံးအတွက် အကျိုးပြုမင်္ဂလာ) ဟု မင်္ဂလသုတ် နိဒါန်း၌ မိန့်ဆိုထားသည်။ မင်္ဂလာ ဟူသောစကားသည် မင်္ဂလ ဟူသော ပါဠိဘာသာမှ ဆင်းသက်လာ သော ပါဠိသက် ဝေါဟာရဖြစ်သည်။
ပါဠိဘာသာအားဖြင့် မင်္ဂလ၊ မြန်မာဘာသာ အားဖြင့် မင်္ဂလာ ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပါယ်ကို ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ စသော ပါဠိကျမ်းဂန်များ၌လည်းကောင်း၊ ပါဠိ-မြန်မာ အဘိဓါန်၊ အင်္ဂလိပ်-မြန်မာ အဘိဓါန် စသည်များ၌လည်းကောင်း အနက်အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြသည်။
ဥပမာ -
၁။ သောတ္ထာနံ - ကြီးပွားချမ်းသာကြောင်းတရား (သောတ္ထာနံ ဗြူဟိ မင်္ဂလမုတ္တမံ)
၂။ မွန်မြတ်သောတရား (မင်္ဂလမုတ္တမံ)
၃။ သဗ္ဗပါပ၀ိနာသနံ - မကောင်းမှုအားလုံးကို ပယ်ဖျောက်နိုင်သောတရား၊ (ဒေသိတံ ဒေ၀ဒေ၀န၊ သဗ္ဗပါပ၀ိနာသနံ) ဟု မင်္ဂလသုတ်ပါဠိတော်နှင့် မင်္ဂလသုတ်နိဒါန်းတို့၌ မိန့်ဆိုထားသည်။
အခြေပြုမင်္ဂလသုတ် ကျမ်းဆရာကလည်း ကြီးပွားချမ်းသာ၊ ကြောင်းများစွာ၊ မင်္ဂလာ ဟု ခေါ် ဟု မိန့်ဆိုထားသည်။ တက္ကသိုလ်များ စာအုပ်ပြုစုထုတ်ဝေရေးကော်မတီမှ စာစဉ်အမှတ် ၃၁ ဖြင့် ထုတ်ဝေသော ဒဂုန်ဦးထွန်းမြင့်၏ ပါဠိသက်ဝေါဟာရအဘိဓါန်၌ မင်္ဂလာ ဟူသော ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် စုံစုံလင်လင် စုံစုံလင်လင် မိန့်ဆိုထားသည်။ ယခု အမှာစာရေးသည့် မင်္ဂလာရှိအောင်နေကြစို့ စာအုပ်၌လည်း ထိုက်သင့်သလောက် ဖွင့်ဆိုထားသည်။ ကြည့်ပါလေတော့။
မင်္ဂလာအဖွင့်ကျမ်း မင်္ဂလာ အကြောင်းကို ဆရာအသီးသီးတို့ ဖွင့်ဆိုရေးသားကြသည်။ ယင်းကျမ်းဂန် များသည် များသောအားဖြင့် ဘုရားဟော မင်္ဂလသုတ်ကို အခြေခံ၍ ရေးသားကြ သည်။ ကျမ်းဆရာများသည် သူ့နည်းသူ့ဟန်၊ သူ့အမြင်ဖြင့် စာဖတ်ပရိသတ်အား ခေတ်အချိန်နှင့် လိုက်အောင် စေတနာအပြည့်အ၀ဖြင့် ရေးသားကြခြင်းဖြစ်သည်။ ဤမင်္ဂလာရှိအောင်နေကြစို့ စာအုပ်သည်လည်း ဘုရားဟောမင်္ဂလသုတ်ကို အခြေခံ၍ ရေးသား ထားသည်။
သို့သော် ဤကျမ်းပြုသူစာရေးဆရာသည် ခေတ်မီသောအတွေး အခေါ်၊ စကားလုံး၊ အရေးအသား၊ အတင်အပြ တို့ဖြင့် ရေးသားတင်ပြထားသဖြင့် လူတိုင်းဖတ်သင့်သော စာအုပ် တစ်အုပ် ဖြစ်သည်။ သူငယ်တန်းသင် မင်္ဂလသုတ် မြန်မာနိုင်ငံဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်၌ မင်္ဂလသုတ်သည် သင်ပုန်းကြီး သင်ပြီးစ စာလုံးပေါင်းဖတ်တတ်ကာစ သူငယ်လေးများ ဖတ်စာအဖြစ် စတင်သင်ရ သောစာ ဖြစ်သည်။
ထို့ကြောင့် မင်္ဂလသုတ်ကို အထင်သေးကြသည်၊ မင်္ဂလသုတ် အကြောင်းရေးလျှင် အထင်မကြီးကြ၊ တကယ် စင်စစ် မင်္ဂလသုတ်သည် -
၁။ ယခု ပစ္စုပ္ပန်မှစ၍ နိဗ္ဗာန်တိုင်အောင် အကျိုးပြုသော စာ၊
၂။ လူငယ်၊ လူလတ်၊ လူကြီး အရွယ်အသီးသီးနှင့် သင့်သော စာ၊
၃။ အသက်ကြီးလေ ပို၍သင့်တော်လေ ဖြစ်သော စာ စသည်ဖြစ်ကြောင်းကို ရှေးဆရာများက ဤသို့ မိန့်ကြားခဲ့လေသည်။
(က) သုတ်မင်္ဂလ၊ ပုဒ်တွင်ပြတိုင်း၊ ကျင့်က အမှန်၊ ပစ္စုပ္ပန်က၊ နိဗ္ဗာန်တိုင်အောင်၊ ကောင်းကျိုးဆောင်လိမ့်၊
(ခ) ယောင်ယောင်မှားမှား၊ အကောင်များက၊ ထောင်လွှားမြင့်မောက်၊ မချင့်ထောက်ဘဲ၊ အောက်စာကလေး၊ သေးနုပ်ဓိပ္ပါယ်၊ သူငယ်တို့စာ၊ ဆိုတတ်စွာ၏၊
(ဂ) ဒေသနာတော်၊ ရှစ်သောင်းကျော်တွင်၊ ပေါ်ပေါ်ထင်ထင်၊ လျင်လျင်ဆောဆော၊ လောကဓမ္မ၊ ဒိဋ္ဌမျက်ဝါး၊ ကျေးဇူးများ၍၊ အခြားဒေသနာ၊ အခြားစာထက်၊ ဦးစွာပထမ၊ သင်ကြားရသား၊ စာ့အဆီခဲ၊ စာလက်စွဲဟု၊ နက်နဲဉာဏ်မှား၊ သိတန်ပါ၏။
(ဃ) မန္ဒာဒသ၊ စသည် သီးသီး၊ ကြီးလေ သင့်လေ၊ ကျင့်လေ မြတ်လေ၊ ဖွားသန္ဓေက၊ သေတိုင်စောလတ်၊ တော-မသတ်ဘဲ၊ လောကဓာတ်လုံး၊ ဘ၀ဆုံးတိုင်၊ အသုံးပြုထွက်၊ လွန်စုံမက်၍၊ ကျက်သရေတန်ဖိုး၊ ဆင့်ဆင့်တိုးစိမ့်၊ ကြိုး၍ လေ့လာစေကုန်သောဝ်။
(ကိုးဆောင် ပရိတ်ကြီးနိဿယ) ဝေမိုး(ကျွန်းလှ)၏ မင်္ဂလာရှိအောင် နေကြစို့ စာအုပ်နိဒါန်းမှကောက်နှုတ် ။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment