
� ဝယဓမ္မာ၊ သင်္ခါရ၊ ၃-ဖြာ ဥာဏ်ထူး မှတ်သားလေ။
� အပ္ပမာဒ၊ နှိုးဆော်ပြ၊ တက်ကြွ နိုးကြားစေ။
� ဝယဓမ္မာ၊ သင်္ခါရ၊ ပြင်းစွာ ထိတ်လန့်စေ။
� အပ္ပမာဒ၊ ကျင့်စဉ်ပြ၊ ဘဝ အနှစ်တွေ။
မြတ်ဗုဒ္ဓအဖြစ်နဲ့ ၄၅-နှစ်ပြည့်လို့ နောက်ဆုံးနေ့မှာ ဟောခဲ့တဲ့
" ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ "
ဆိုတဲ့ စကား ၂-ခွန်းဟာ ၄၅-နှစ်လုံး ဟောထားခဲ့တဲ့ ကျင့်စဉ်တရားအားလုံး ခြုံမိငုံမိတဲ့ စကားပဲ။
" ဘာပဲပြင်ပြင် ပျက်တာချည်းပဲကွယ်၊ အလုပ်အမြန်ပြီးအောင် သတိထား ကြိုးစားကြ " လို့ ဆိုလိုပါတယ်။ ဘာသာရပ်အများကြီးကို မှတ်လွယ်ဆောင်လွယ်အောင် မှတ်စုအကျဉ်းချုပ် ထုတ်ပေးတာပါ။ ကိုယ့်ကို အာမခံ တာဝန်ယူနိုင်မှ အလုပ်ခေါ်ပါတယ်။ ကိလေသာကို နိုင်တဲ့ အစီအစဉ်ပါမှလဲ အလုပ်ပါ။ သတိပါရင် ကိလေသာနှင့် သတိ တွဲမဖြစ်နိုင်တော့ သတိဖြစ်တိုင်း ကိလေသာ ကင်းနေတာဖြစ်လို့ ကိလေသာကို နိုင်ပါတယ်။ သတိလွတ်နေရင် ကိလေသာကို နိုင်တဲ့ အစီအစဉ် မပါနိုင်လို့ အလုပ်မဖြစ်နိုင်ဘူး။အလှုပ်သာ ဖြစ်သွားမယ်။ ဟထိုးပါသွားတယ်။
သတိမပါရင် ဥာဏ်လဲ ကင်းပြတ်သွားတာဖြစ်လို့ ဘာပဲလုပ်လုပ် အလှုပ်ချည်းပဲ။ စွမ်းအားမပါပဲ အစီအစဉ် ကင်းမဲ့စွာနဲ့ တစ်လှုပ်လှုပ်နဲ့ လှုပ်နေရတာဖြစ်လို့ အလှုပ်၊ စိတ်တည်ငြိမ် အေးချမ်းမှုမပါပဲ တုန်လှုပ်ချောက်ချားစွာ လှုပ်နေတာဖြစ်လို့လဲ အလှုပ်၊ စိတ်လှုပ်ရှားဖွယ် အကျိုးကို ပေးဦးမှာဖြစ်လို့လဲ အလှုပ်ပါ။
ကိလေသာကို နိုင်တဲ့ အစီအစဉ်ဆိုတာ ကိုယ်, နှုတ်ရဲ့ စည်းကမ်းဖြစ်တဲ့ သီလ၊ စိတ်ရဲ့ စည်းကမ်းဖြစ်တဲ့ သမာဓိ၊ အသိဥာဏ်ရဲ့ စည်းကမ်းဖြစ်တဲ့ ဝိပဿနာပညာ ဆိုတဲ့ သိက္ခာ ၃-ပါး ပါပဲ။ ဒီ ၃-ချက်ရဲ့ စည်းကမ်းအချုပ်က သတိပါ။ သတိကိုင်ရင် ကိလေသာကို နိုင်သလို အလုပ်လဲ ဖြစ်ပါတယ်။ ဘာမဆို အလုပ်စာရင်းထဲ ပါဝင်သွားတယ်။ ကိလေသာဖြစ်နေရင်တောင်မှ, နေထိုင်မကောင်းလို့ မကျန်းမာရင်တောင်မှ, သတိဥာဏ်ထုတ် ရှုမှတ်နိုင်ရင် ဝိပဿနာ အလုပ်စာရင်းဝင်သွားပါတယ်။
ပြဆိုခဲ့တဲ့ စကား ၂-ခွန်းထဲမှာ ...
" ဝယဓမ္မာ သင်္ခါရ "
ဆိုတာ ပြုပြင်သမျှ ပျက်ရတယ်ဆိုတော့ ရုပ်နာမ်ခန္ဓာရဲ့ အနိစ္စလက္ခဏာကို ပြတယ်။ အနိစ္စမြင်ရင် ဒုက္ခလဲမြင်၊ ဒုက္ခမြင်ရင် အနတ္တလဲ မြင်တာဆိုတော့ လက္ခဏာ ၃-ပါးလုံးကိုပဲ ပြပါတယ်။ ဒီ ၃-ပါးကို အာရုံယူပြီး ရှုမှတ်ပွားများရတဲ့အတွက် ဝိပဿနာဥာဏ်လဲ ရနိုင်တာဖြစ်လို့ ပထမစကားဟာ ဝိပဿနာကို ပြပါတယ်။
" ဝယဓမ္မာ "
မှာ အပျက်ကြီး, အပျက်ကလေးလို့ ၂-မျိုးရှိတယ်။ အပျက်ကြီးဆိုတာ တစ်ဘဝတာ ကန့်သတ်ချိန်စေ့လို့ သေရတာမျိုးပါ။ အပျက်ကလေးကတော့ စက္ကန့်မိနိစ်မလပ် အဆက်မပြတ် ဖြစ်ပြီးတိုင်း ပျက်နေတဲ့ သဘောပါ။ ဝိပဿနာဆိုတာ အပျက်ကလေးတွေ မိအောင် သတိဥာဏ်နဲ့ ဖမ်းရှုရတဲ့ အလုပ်ပါ။
ဝိပဿနာဆိုတာ မိမိတို့ရထားတဲ့ ခန္ဓာရဲ့ အမှတ်အသား ၃-ခုကို မှတ်မှတ်ရရ ပြတ်ပြတ်သားသား မှတ်သားနေရတဲ့ အလုပ်ပါ။ ကိုယ့်ခန္ဓာကို မှတ်မိသွားအောင် လုပ်နေတာပဲ။ မြစ်ရေ, ချောင်းရေ စီးဆင်းနေသလို အဆက်မပြတ် ပြောင်းလဲနေတဲ့သဘော၊ အဆက်မပြတ် ညှင်းဆဲနေတဲ့သဘော၊ ကိုယ့်ကို အမြဲတမ်း ဆန့်ကျင်ဖက် လုပ်နေတဲ့သဘောကို မှတ်မိသွားအောင် လုပ်နေတာပါ။ ခန္ဓာTv ဖွင့်ကြည့်တာပါပဲ။
" အပ္ပမာဒေန သမ္ပာဒေထ "
ကတော့ စွမ်းရည် အလွန်ကြီးကျယ် များပြားလှတဲ့ ဝိပဿနာ အကျင့်မြတ်ကို ကိုယ့်သန္တာန်မှာ အမြန် ဖြစ်ပေါ်တိုးပွားအောင် လုပ်ဖို့ တိုက်တွန်းနိုးဆော်တဲ့ စကားပါ။ လက်တွေ့ပွားတော့လဲ သတိပါမှ အလုပ်ဖြစ်ပါတယ်။ ဝိပဿနာပညာကို ပြောလိုက်ရင် သီလနဲ့ သမာဓိကလဲ မကင်းနိုင်တော့ ပါရတော့တာပါပဲ။ ပေါင်းလိုက်တော့ သိက္ခာ ၃-ပါးပါ။ သိက္ခာ ၃-ခန်း, စည်းကမ်း ၃-ချက်ရဲ့ အချုပ်စည်းကမ်းက သတိပါ။
နောက်တစ်နည်း ပြောရရင်
" ဝယဓမ္မာ သင်္ခါရ "
က ထိတ်လန့်သွားအောင် သံဝေဂဥာဏ် ဖြစ်သွားအောင် မိန့်ကြားတဲ့ စကားဖြစ်တယ်။ ပြုပြင်သမျှ ပြိုပြိုပြီး ပျက်ကျနေတယ်ဆိုတော့ အေးအေးဆေးဆေး စဉ်းစားကြည့်ရင် အလွန်ထိတ်လန့်စရာ ကောင်းတယ်။
" အပ္ပမာဒေန သမ္ပာဒေထ "
ကတော့ ကျင့်စရာအလုပ် ဘဝအနှစ်ချုပ်ကို အကျဉ်းချူံးပြတဲ့ စကားဖြစ်တယ်။ ထိတ်လန့်သွားတယ်ဆိုရင် ပြေးတော့မှာပေါ့။ ပြေးတဲ့အခါ တောထဲ, တောင်ထဲမှာ ခြသေ့င်္ ဟောက်သံကြားလို့ သားကောင်တွေ ကြောက်လန့်ပြီးပြေးတော့ ဦးတည့်ရာ ပြေးသလို ထင်ရာ မပြေးဖို့၊ ဦးတည်ချက် လမ်းကြောင်း အစီအစဉ်နဲ့ ပြေးဖို့ ဘုရားရှင်က ...
" အပ္ပမာဒေန သမ္ပာဒေထ "
လို့ ပြေးလမ်းဖော်ပေးလိုက်တာပါ။
" သင်တို့ကြောက်တဲ့ ခန္ဓာဒုက္ခမှ လွတ်အောင် ဒီလမ်းအတိုင်း ပြေးကြ၊ ဒါ ဘေးမဲ့ လမ်းပဲ"
လို့ ဆိုလိုပါတယ်။ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးတွေ ဘာပဲလုပ်လုပ် ဒီလမ်းအတိုင်းပဲ ပြေးရမယ်။ ဘေးမဲ့လမ်း ခေါ်တယ်။ နေမကောင်းရင်လဲ ဒီလမ်းအတိုင်း ပြေးရုံပဲ။ ဘေးမဲ့လမ်းကိုး။ နိဗ္ဗာန်ထိ ရောက်ဖို့တောင် သေချာပေါက်လမ်းကြီး၊ သုဂတိဘဝ ရောက်ရေးအတွက်တော့ ဘာမှ စကားတစ်ခု လုပ်ပြောစရာ မလိုဘူး။
အပ္ပမာဒသတိလို့ ပြောလိုက်ရင် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းလို့ ခေါ်ဆိုရတဲ့ သိက္ခာ ၃-ပါးလုံး အကျူံးဝင်ပြီးသားပါ။ ချဲ့လိုက်ရင် မဂ္ဂင် ၈-ပါးပါပဲ။ လောကီမဂ္ဂင်ပေါ့။
ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကြီး ။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment