
ကံဟူသမျှကို ချုပ်ငြိမ်းအောင် အားထုတ်ခြင်း
ဟူသည် ဝိပဿနာမဂ္ဂင် ငါးပါးကို
ပွားသည်ထက်ပွားအောင် ရုပ် နာမ်
ခန္ဓာတို့၏ ဖြစ်ပျက်ခြင်းကို ရှုခြင်း ဖြစ်၏။
ဖြစ်ပျက်၌
အနိစ္စ သဘောလည်းပါ၏။
ဒုက္ခ သဘောလည်းပါ၏။
အနတ္တ သဘောလည်းပါ၏။
အနိစ္စကိုမြင်သောအခါ မာန ပျောက်၏။
ဒုက္ခကိုမြင်သောအခါ တဏှာ ပျောက်၏။
အနတ္တကိုမြင်သောအခါ ဒိဋ္ဌိ ပျောက်၏။
တဏှာ မာန ဒိဋ္ဌိတို့ ပါးသည်နှင့်အမျှ
စစ်မှန်သော ချမ်းသာကိုရ၏။
အတ္တ ဟူသည်
တဏှာဖြင့် စွဲသော အတ္တလည်းရှိ၏။
မာနဖြင့် စွဲသော အတ္တလည်းရှိ၏။
ဒိဋ္ဌိဖြင့် စွဲသော အတ္တလည်းရှိ၏။
ထို့ကြောင့်
တဏှာ မာန ဒိဋ္ဌိတို့ ချုပ်လေသောအခါ
အတ္တလည်း ချုပ်လေ၏။ အတ္တချုပ်လျှင်
စစ်မှန်သော ချမ်းသာကို ကိုယ်တိုင်
မျက်မှောက်ပြုရ၏။
ဤနည်းမှာ မြတ်စွာဘုရား ဟောတော်မူမှ
သိရသောနည်း ဖြစ်၏။ ထို့ကြောင့်
မြတ်စွာဘုရားသည် အလွန်ကျေးဇူး
တင်ထိုက်သော လောကသုံးပါး၏
ကျေးဇူးရှင် ဖြစ်၏ဟု ဆိုရ၏။
မြတ်စွာဘုရားကလည်း တရားကို
မြင်သူသည် ငါ့ ကို မြင်သူမည်၏၊
တရားကို မမြင်သူသည် ငါ့ ကို
မမြင်သူပင်ဖြစ်၏ ဟူ၍ ဟောတော်မူခဲ့ရာ
စစ်မှန်သော ဗုဒ္ဓဘာသာဝင် ဖြစ်ပါက
မြတ်စွာဘုရား ဟောကြားတော်မူသည့်
အတိုင်း သမုဒယသစ္စာကို ပယ်သတ်နိုင်ရန်
ကြိုးပမ်းအပ်ပါ၏။
သမုဒယသစ္စာကို ပယ်သတ်နိုင်သည်နှင့်
အမျှ ဒုစရိုက်တရားများကိုလည်း ပယ်ပြီး
ဖြစ်၏။ ဒုစရိုက်ကင်းသော လူ့ဘောင်သည်
မည်မျှ ငြိမ်းချမ်းပေလိမ့်မည်နည်း။
ဦးရွှေအောင် ၏
"ချမ်းသာကို ရှာဖွေခြင်း" စာအုပ်မှ
ကောက်နှုတ် ပူဇော် မျှဝေပါသည်။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment