
မြတ်စွာဘုရားက -
အတာဏော လောကော အနဘိဿရော - လောကကြီးဟာ အကာအကွယ် ကင်းမဲ့ပါတယ် ။ အုပ်ချုပ်နိုင်သူ , ထိန်းထားနိုင်သူ မရှိပါဘူး တဲ့ ။
လောကကြီးတစ်ခုလုံး အဆိုးဘက် တွန်းပို့ခံနေရတာကို ဘယ်သူမှ မကာကွယ်နိုင်ပါဘူး ။ ရွေ့ရှားနေတာကိုလည်း ဘယ်သူမှ ထိန်းလို့ မရပါဘူး တဲ့ ။
ဒီအကြောင်းကို ဓမ္မပဒ မှာ - ရှင်းရှင်းလင်းလင်း ဟောပြထားတယ်။
- န သန္တိ ပုတ္တာ ကာဏာယ။
- န ပိတာ နာပိ ဗန္ဓဝါ ။
- အန္တကေနာဓိပန္နဿ ။
- နတ္ထိ ဉာတီသု တာဏာတာ။ အဓိပါယ်က -
သေခြင်းက လွှမ်းမိုးခံထားရတဲ့ ပုဂ္ဂိုလ် အဖို့ စောင့်ရှောက်ကာကွယ်ဖို့ရာ သားသမီးတွေဆိုတာ မိဘမှာ မရှိပါ ။
သားက အထူးကု ဆရာဝန်ကြီး တဲ့ ။
အမေ,အဖေတွေက အားကိုးလိုက်ကြတာ ။ ဘာအထူးကုကြီးပဲ ဖြစ်ဖြစ် သူကိုယ်တိုင်လည်း သွားရတာပဲ ။
ဒါပေမယ့် လူတွေက အားကိုးကြတယ် ။ သားက အထူးကု ဆရာဝန်ကြီး , သမီးက အထူးကု ဆရာဝန်ကြီးတဲ့ ၊ မိဘတွေက အားကိုးကြတယ် ။
အဲဒီလို အားကိုးစရာ ရှိတယ်လို့ ထင်ရတဲ့
မိဘတွေ , ဆရာဝန်တွေ ဘာမှ ကြောက်စရာ မရှိဘူးလို့
ဘုန်းကြီးတို့ငယ်ငယ်က အောက်မေ့တာ ။ အမှန်တော့ အားကိုးစရာ မရှိဘူး ။ အကာအကွယ် မရှိပါဘူး။
သားသမီးကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ မိဘဆိုတာလည်း မရှိကြပါ ။ အကာအကွယ် ပေးနိုင်တဲ့ ဆွေမျိုးဆိုတာလည်း မရှိပါ တဲ့ ။ ဘယ်သူမှ ကာကွယ်လို့ မရဘူး တဲ့ ။
ဟုတ်ရဲ့လား ?
ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး
ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဟာ ပရိနိဗ္ဗာန် မစံခင် သူ့အသက်ကို ကြည့်လိုက်မိတယ် ။ ကြည့်လိုက်တဲ့အခါ သူ့အသက် က ( ၇ ) ရက်ပဲ ကျန်တော့တယ် ဆိုတာတွေ့တော့ ဘယ်နေရာ ခေါင်းချမလဲ စဉ်းစားတယ် ။
မွေးရပ်မြေ ပြန်ပြီး ခေါင်းချမယ် ၊ မယ်တော်ကြီးကို တရားဟောပြီး အကျွတ်တရား ရစေမယ် ၊ နောက်ဆုံးတရား ဟောတဲ့အနေနဲ့ သွားမယ် ဆိုပြီး ဘုရားဆီ ခွင့်ပန်လို့ မွေးရပ်မြေကို ပြန်ခဲ့တယ် ။
တစ်နေ့ တစ်ယူဇနာနဲ့ ၇- ရက် ပြည့်တဲ့နေ့မှာ မွေးရပ်မြေ ဖြစ်တဲ့ နလကရွာ ရောက်တယ် ။ ဒီလို ဝေးကွာတဲ့ခရီးကို လျှောက်သွားနိုင်တယ် ဆိုတော့ တော်တော် ကျန်းမာသေးတယ် ပြောရမယ် ။
မွေးရပ်မြေ ရောက်တော့ သူမွေးဖွားခဲ့တဲ့ အခန်းကို ပြင်ခိုင်းပြီး အိမ်မှာကျိန်းဖို့ စီစဉ်တယ် ။ အဲဒီချိန်ထိ ကျန်းမာနေတုန်းပဲ ။
ညပိုင်းရောက်တော့ သံဃာတွေကို တရားဓမ္မ ဟောပြီး ပြန်လွတ်တယ်။ ညီတော် စုန္ဒတစ်ပါးပဲ အနားမှာ ရှိတယ် ။
ညဥ့်ဦးယံ ရောက်တော့ ကိုယ်တော်ကြီး ရောဂါဖောက်လာတယ်။ ဝမ်းသွေး သွားတယ် ။
------------------------------------
ည သန်းခေါင်ကျော်လောက်မှာ ဘယ်သူတွေ လာသလဲ ဆိုရင်
- စာတုမဟာနတ်မင်းကြီးတွေ ၊
- သကြားမင်းတွေ ၊
- ဗြဟ္မာမင်းတွေ လာကြတယ်တဲ့ ။ လူမမာ လာမေးကြတယ် ။
မေးရုံ မေးတာနော် ။ သူတို့ ဆေးမကုဘူး ။
တစ်ချို့က ထင်ကောင်းထင်မယ် ။ သကြားမင်း ဆင်းကုရင် ပျောက်မယ် ။ သကြား အားကိုးတဲ့ လူစုကလည်း မနည်းဘူးနော် ။
ရှင်သာရိပုတ္တရာ ရောဂါ သကြားကုလို့ ပျောက်မယ် ဆိုရင် ဒီသကြား အလကားနေပါ့မလား ။ ကုပေးသွားမှာပေါ့ ။
သကြားထက်စွမ်းတဲ့ ဗြဟ္မာကြီးတွေ ဆင်းပြီး လာကန်တော့သွားတယ် ။ ဘယ်သူမှ မတတ်နိုင်ဘူး ။ လာမေးရုံ မေးတာ ။ အရှင်ဘုရား သက်သာလား ? နေကောင်းလား ? ဒါပဲနော် ။ လူ့သဘာဝ ဒီတိုင်းပဲ သွားမှာ ။ ဘာမှ မျှော်လင့်ချက်တွေ မထားနဲ့ ။
-------------------------------
ဒါကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က
ရုပ်ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ အခုလို အတိအလင်း ဟောထားတယ် ။
- ခန္ဓာကိုယ်ကြီးဆိုတာ ထာဝရ နာပြီးတော့ နေတာတဲ့ ။
ကြက်ဥ ငှက်ဥကလေးလိုပဲ တဲ့ ။ ပစ်ပေါက်ပြီး ကစားလို့ မရဘူး။
ဈေးထဲမှာ ကြက်ဥဝယ်ရင် သိပ်သတိထားရတယ် ။ မတော်တဆ လွတ်ကျသွားရင် ကွဲမှာကိုး ။
ခန္ဓာကိုယ်ကြီးလည်း ခလုတ်တိုက်ပြီး လဲကျမယ် ဆိုရင် အရိုးကျိုး သွားနိုင်တယ် ။ မဟုတ်ဘူးလား ။
ဒါကြောင့် ခန္ဓာကိုယ်ကြီးကို ဥလို မခိုင်မာဘူး တဲ့ ။
အင်မတန် ပါးလွှာတဲ့ အရေပြားလေးနဲ့ အုပ်ထားတာတဲ့ ။
အရေခွံလေးနဲ့ အုပ်ထားတာ ဆိုတော့ ကြက်ဥလောက် မခိုင်မာဘူး ပေါ့ ။
အဲဒီလို ခန္ဓာကိုယ်ကြီး ရထားပါလျှက် - ဟေ့ နေကောင်းလား ? မေးတဲ့အခါ "နေကောင်းပါရဲ့ဗျာ , ဒေါင်ဒေါင်မြည်ပဲ လို့ ပြောရင်
မသိမိုက်မဲလို့ ပြောတာတဲ့ ။ မသိမလိမ္မာ လို့ ပြောတာတဲ့ ။
အေး ဘဝအသွင်ကို သာယာတဲ့အမြင်နဲ့ ကြည့်ရင်တော့
တစ်မျိုး မြင်ကောင်းမြင်လိမ့်မယ် ။ ဓမ္မနဲ့ ကြည့်ရင်တော့ ယခုလိုပဲ မြင်ရမှာပဲ ။
" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ"
( ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း ၊ စာ - ၂၀-၂၇ မှ )
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment