Tuesday, January 10, 2017

"ကုသိုလ်သည်သာ အားကိုးရာ ဖြစ်သည် "



ရှေးရှေးတုန်းက " စိန္တာမဏိ " လို့ ခေါ်တဲ့ ပတ္တမြား ရတနာ တစ်မျိုး ရှိခဲ့တယ် ။

အဲဒီ ပတ္တမြားရတနာဟာ သိပ်ထူးခြားတယ် ။
လိုတရတယ် ။ လိုတာကို တလိုက်ရင် ရတာပဲတဲ့ ။

ရွှေလိုချင်ရင် ရွှေရတယ် ။
ငွေလိုချင်ရင် ငွေရတယ် ။
အသက်ရှည်ချင်ရင် အသက်ရှည်တယ် ။
အနာ ကင်းချင်ရင် အနာ ကင်းတယ် ။ လိုအပ်တာ မှန်သမျှကို အဲဒီ ပတ္တမြား ရတနာကြီးက ပေးစွမ်းနိုင်တယ် ။

အဲလိုပါပဲ , ယနေ့ ပြုလုပ်လိုက်တဲ့ ကုသိုလ်ကောင်းမှုတွေဟာလည်း လို , တ ရတဲ့ စိန္တာမဏိ ပတ္တမြားကြီးကို ရရှိထားသလိုပါပဲတဲ့ ။

လူချမ်းသာကို ပေးစွမ်းနိုင်တယ် ။
နတ်ချမ်းသာကို ပေးစွမ်းနိုင်တယ် ။
မဂ်ဖိုလ်ချမ်းသာတွေကို ပေးစွမ်းနိုင်တယ် ။

ဒါကြောင့် ယနေ့ပြုတဲ့ ကုသိုလ်ကောင်းမှုတွေကို စိန္တာမဏိ ပတ္တမြားကြီးနဲ့ ဥပမာထားပြီး နားလည်းထားကြရမယ် ။
------------------------------------------------

နောက်တစ်ခါ
ယနေ့ပြုလိုက်တဲ့ ကုသိုလ်ကောင်းမှုတွေဟာ ဘာနဲ့ တူသလဲ ဆိုတော့ . . ပဒေသာပင်ကြီးနဲ့လည်း တူပါပေ၏ တဲ့ ။

ပဒေသာပင်ဆိုတာ ပစ္စည်းမျိုးစုံတွေ အားလုံး အစုံအလင် တည်ရှိနေတဲ့ အရာဝတ္ထုပဲ ။

မိမိဘာလိုချင်သလဲ ။
အဝတ်အစား လိုချင်ရင် အဝတ်အစားတွေကို ဆွတ်ချူပြီး ယူလိုက်ရုံပဲ ။ အစားအသောက် လိုချင်ရင် သွားပြီး ဆွတ်ချူလိုက်ရုံပဲ ။ လိုတာ မှန်သမျှ အကုန်ရလို့ ပဒေသာပင်လို့ ခေါ်တယ် ။

ဒီလိုပဲ , ယနေ့ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေဟာလည်း အဲဒီ ပဒေသာပင်ကြီး လိုပဲတဲ့ ။

မိမိတို့ လိုလားတောင့်တအပ်တဲ့ အရာမှန်သမျှကို အကုန်လုံး ဆွတ်ချူ သုံးစွဲနိုင်တယ် ။ ကုသိုလ် ကောင်းမှုတွေ ပြုတယ် ဆိုတာ ပဒေသာပင်ကြီးကို စိုက်တာနဲ့ အတူတူပဲလို့ နားလည်ထားကြရမယ် ။
-------------------------------------------------


ယနေ့ပြုတဲ့ ကောင်းမှုတွေကို အစဉ်အမြဲ အောက်မေ့အမှတ်ရပြီးတော့လည်း နေကြရမယ် ။ နှလုံးအိမ်မှာ ထုံမွမ်းထားကြရမယ် ။

ဘုန်းကြီးတို့တတွေ အသက်တမ်းပြည့်ရင် သေကြရမယ် ။
သေခါ နီးမှာ အရေးကြီးတယ် ။
မိတ်ကောင်းဆွေကောင်း အရေးကြီးတယ် ။
အဲဒီ မိတ်ကောင်း ဆွေကောင်းတွေဟာ ကုသိုလ် ပဲပေါ့ ။

ကိုယ်ပြုတဲ့ ကုသိုလ်တွေကိုပဲ အားကိုးအားထား ပြုလို့ရတယ် ။
သားသမီးလည်း အားကိုးလို့ မရဘူး ။
ဆွေမျိုးသားချင်းလည်း အားကိုးလို့ မရဘူး ။
ပြုထားတဲ့ ကံတရားတွေသာလျှင် အားကိုးရာ အစစ် ဖြစ်တယ် ။

https://muditar.blogcom
https://facebook.com/muditaralinnsayadawdhamachannallive
တွင်လည်းဖတ်ရှူလေ့လာနိုင်ပါသည် ။

No comments:

Post a Comment