Monday, January 23, 2017

ရှိခိုးဦးချတဲ့ အဓိပ္ပါယ်ကို သင်သိပါသလား ?



မိမိတို့ လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အလေးအနက် အမြတ်တနိုးထားတဲ့ အစိတ်အပိုင်းကို
ပြပါဆိုရင် ဦးခေါင်းပိုင်းကို ပြရပါလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရရင် အချင်းချင်း နောက်ပြောင်
ကြည်စယ်ကြရင်း တစ်ယောက်က အခြားတစ်ယောက်ရဲ့ ခြေ၊ လက်၊ ခါးစတဲ့ အစိတ်အပိုင်းတွေ
ကို ကိုင်တွယ်၊ ထိပါး၊ ပုတ်ခတ်တဲ့အခါ ထူးခြားတဲ့အမူအရာကို မပြတတ်ကြပေမဲ့ ဦးခေါင်းကို
ထိလာရင်တော့ မနှစ်သက်တဲ့ အမူအရာကို ပြလာတတ်ကြပါတယ်။ မကြိုက်တဲ့ အမူအရာနဲ့ ပြန်
လည် တုန့်ပြန်တတ်ကြပါတယ်။

အသက်သိက္ခာ ဂုဏ်ဝါကြီးသူရဲ့ ဦးခေါင်းကို ကိုင်တွယ်ထိပါးတယ် ဆိုရင်တော့ အင်မတန် မဖွယ်မရာအလုပ်၊ ရိုင်းစိုင်းတဲ့ အပြုအမူအဖြစ် မှတ်ယူတတ်ကြပါတယ်။ ဒါက ဘာသဘောလဲဆိုရင် ဦးခေါင်းဟာ သူသူငါငါ အမြတ်တနိုး တန်ဖိုးထားတဲ့အရာဖြစ်
ကြောင်း ပြဆိုတာ ဖြစ်ပါတယ်။

ဒီလောက် အမြတ်တနိုး တန်ဖိုးထားတဲ့ ဦးခေါင်းကို ကြမ်းပြင်၊ မြေပြင်ထိအောင် အောက်
သို့ချပြီး ရှိခိုး ကန်တော့တယ်ဆိုတာ ဦးထိပ်မှာထားခြင်း၊ ရိုသေလေးစားခြင်း၊ မြတ်နိုးခြင်း၊ ယုံကြည်ခြင်းသဘောကို ပြဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

ဒါတင်မကပါဘူး။ သတ္တ၀ါတွေဟာ အတ္တမာနကို အလွန် ရှေ့တန်းတင်တတ်ကြပါတယ်။
အပြုအမူ အပြောအဆိုကစပြီး သူတစ်ပါးအပေါ် နည်းနည်းလေး အပေါ်စီးက ပြောရလုပ်ရမှ ကျေ
နပ်တတ်ကြပါတယ်။ တစ်ဖက်လူကလည်း “ အတင်စီး ခံရတယ် ” လို့ ထင်မြင်လိုက်တာနဲ့ “ ငါ့
ကို ဘာကောင်များ အောက်မေ့လဲ ” စသည်ဖြင့် မာနထောင်တတ်ကြပါတယ်။ မာနကို ရှေ့တန်း
တင်ပြီး ပြန်လည် ပြောဆို ပြုမူတတ်ကြပါတယ်။

မာနတရားဟာ ချိုးနှိမ်ဖို့ ပယ်သတ်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါ။ အပြီးတိုင်ပယ်ဖို့ဆိုတာ
လောကုတ္တရာမဂ်နှင့်မှ ဖြစ်နိုင်ပါတယ်။ မဂ် ၄ မျိုးထဲမှာ နောက်ဆုံး မဂ်တရားနှင့်သာ အပြီးတိုင်
ဖျက်ဆီးပယ်ဖျောက်နိုင်လောက်အောင် သတ္တ၀ါတွေရဲ့ သန္တာန်မှာ အကြီးအကျယ် အမြစ်တွယ်
နေတဲ့ တရားပါ။ ရှိခိုး ဦးချတယ်ဆိုတာ ဒီလောက် အမြစ်တွယ်နေတဲ့ မာနတရားကို အတတ်နိုင်
ဆုံး ချိုးနှိမ်လျော့ချတဲ့ သဘောကိုပြဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ။

{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပါသည်။}

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment