Monday, January 16, 2017

မထင်နဲ့



◆ ဒါနပစ်ပယ်၊ ကံဟောင်းဖယ်၊ ကောင်းမယ် မထင်နဲ့။

◆ ကိုယ်ကျင့်မပါ၊ နင့်သိက္ခာ၊ တက်မှာ မထင်နဲ့။

◆ ငွေရှိသိက္ခာ၊ ငွေနောက်ပါ၊ မြဲမှာ မထင်နဲ့။

◆ တန်ခိုးအာဏာ၊ ရှိတုန်းသာ၊ မြဲမှာ မထင်နဲ့။

◆ ကိုယ်ကျင့်ပစ်ခွါ၊ စီးပွါးရှာ၊ တက်မှာ မထင်နဲ့။

◆ ဒါနမပါ၊ ကောင်းစားရှာ၊ ရမှာ မထင်နဲ့။

◆ သာ၍သာပေါင်း၊ ရွံရွေရောင်း၊ ကောင်းမယ် မထင်နဲ့။

◆ အမျှော်နှင့်သာ၊ ပေးစွန့်ရာ၊ ပွါးမှာ မထင်နဲ့။

◆ မာနချင်းပြိုင်၊ နိုင်ရာကိုင်၊ ပိုင်မယ် မထင်နဲ့။

◆ တဏှာရင်းခံ၊ နှီးနှောပြန်၊ မှန်မယ် မထင်နဲ့။

◆ ငါတစ်လုံးခံ၊ နှီးနှောပြန်၊ မှန်မယ် မထင်နဲ့။

◆ အဆိုးလုပ်သော်၊ အကောင်းမျှော်၊ ပေါ်မယ် မထင်နဲ့။

◆ အဆိုးလုပ်လျှက်၊ အကောင်းထွက်၊ ဆက်မယ် မထင်နဲ့။

◆ မိတ်ပျက်နှင့်ပေါင်း၊ နင့်အကြောင်း၊ ကောင်းမယ် မထင်နဲ့။

◆ ၀ါဒမကောင်း၊ နင်သွားပေါင်း၊ ကောင်းမယ် မထင်နဲ့။

◆ ဘာသာမမှန်၊ နင်ဆက်ဆံ၊ မှန်မယ် မထင်နဲ့။

◆ သူ့ဘာသာပြောင်း၊ ကိုယ့်ယူစောင်း၊ ကောင်းမယ် မထင်နဲ့။

◆ သူကောင်းခေါ်ရာ၊ နင်မပါ၊ သာမယ် မထင်နဲ့။

◆ စိတ်လိုလိုက်ကာ၊ အကောင်းရှာ၊ သာမယ် မထင်နဲ့။

◆ ရသလောက်လို၊ စိတ်ကြိုက်ကို၊ ပိုမယ် မထင်နဲ့။

◆ ကာမတဏှာ၊ ကြီးစိုးရာ၊ ချမ်းသာ မထင်နဲ့။

◆ တဏှာပူဆာ၊ ဖြေသိမ့်ရာ၊ ချမ်းသာ မထင်နဲ့။

◆ အလိုကြီးရာ၊ လုပ်ရခါ၊ ချမ်းသာ မထင်နဲ့။

◆ ရေထဲသွားရာ၊ ငါးနောက်ပါ၊ ချမ်းသာ မထင်နဲ့။

◆ အလိုရှေ့ယိမ်း၊ နင်လိုက်ထိန်း၊ ငြိမ်းကိန်း မထင်နဲ့။........။

➢ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
က၀ိဗန္ဓနကထာ

....................................................................................

◇ သတိချုပ်ထား မြတ်တရား ◇
— ― — ― — ― — ― — ― — —

သတိဥာဏ်ယှဉ် သမ္ပဇဉ်ကား ➫

◆ အလုပ်တစ်ခု
ပြုတော့မည်ဆို
တင်ကြိုသတိ
ဥာဏ်မျက်စေ့ဖြင့်
ကျိုးရှိ မရှိ
မြင်အောင်ကြည့်
ရှိမှ ပြုကျင့်ပါ...။

◆ အလုပ်တစ်ခု
ပြုမည့်ဆဲဆဲ
ခွဲခြမ်းတတ်အပ်
ဥာဏ်ဓါးမြတ်ဖြင့်
အပ်၏ မအပ်
ကိုယ်ချင်းစပ်
အပ်မှ ပြုကျင့်ပါ...။

◆ အလုပ်တစ်ခု
ပြုလုပ်နေစဉ်
ိကိုယ်ဝင်ကျက်စား
သူ့အထားသို့
စိုက်အားအပြည့်
သမာဓိဖြင့်
မိ၏ မမိ
သုံးသပ်ကြည့်
မိမှ ဆက်လုပ်ပါ...။

◆ ဆိုပြီးလေးလီ
သင့်ဥာဏ်ရည်ကား
လောကီ လောကုတ်
အလုပ်မှန်သမျှ
အသုံးကျ၏
ကင်းပအပြစ်
ပွားသစ်အကျိုး
မညှိုး မညို
ပန်လိုသူများ
လက်ကိုင်ထားကာ
ကြိုးစားရာသည်
မေတ္တာရှင်၏
အမှာတော်...။ ။

➢ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော် ဘုရားတော်ကြီး

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

No comments:

Post a Comment