
"သူ့ကျတော့ မလုပ်ဘူး၊ ငါပဲလုပ်နေရတယ်။ သူမလုပ်ရင် ငါလည်းမလုပ်ဘူး" စတဲ့ တွက်ကပ်တတ်တဲ့ စိတ်ဟာ လူကို သဒ္ဓါပျက်စေ၊ စေတနာကွက်စေတတ်ပါတယ်။
အထူးသဖြင့် ကောင်းတဲ့အလုပ်၊
အပြစ်ကင်းတဲ့အလုပ်တွေမှာ ဒီလိုတွက်ကပ်တတ်တဲ့ စိတ်လေးတွေ ဝင်လာရင် လုပ်တဲ့အလုပ်လည်း အကောင်းမဖြစ်၊ အကျိုးသက်ရောက်မှုလည်း နည်းပါးကာ ကိုယ့်မှာလည်းပဲ စိတ်မကြည်မလင် ဖြစ်တတ်ပါတယ်။
ပုထုဇဉ်သဘာဝ ကိုယ်ပဲလုပ်နေရတာများတော့ ကောင်းတာလုပ်နေရပေမယ့် တွက်ကပ်တဲ့ စိတ်လေးတွေ တစ်ခါတရံလည်း ဖြစ်မိကြမှာပဲပေါ့။
ဒါပေမယ့် သေချာစဉ်းစားရမှာက အဲဒီလို တွက်ကပ်တဲ့စိတ်ဝင်လာတဲ့အခါ ကိုယ့်မှာစိတ်ကွက်သွားတတ်ပြီး အကောင်းလုပ်နေပေမယ့် မကောင်းစိတ်ကနေရာယူနေတော့ လုပ်သလောက် အကျိုးသက်ရောက်မှု မရှိဘဲ ဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ပါပဲ။
တကယ်တော့ ကောင်းတဲ့အလုပ်၊ အပြစ်ကင်းတဲ့ အလုပ်ဆိုတာ ဘယ်သူလုပ်လုပ် မလုပ်လုပ် ကိုယ်လုပ်နိုင်ရင် ကိုယ့်အတွက် ကောင်းကျိုးဖြစ်နေမှာပါပဲ။ သူမလုပ်လည်း ကိုယ်လုပ်နိုင်သလောက် ကိုယ်လုပ်နေရင် ကိုယ့်မှာကောင်းကျိုး ဖြစ်နေတာပါ။
ကိုယ်ပဲလုပ်နေရတယ်ဆိုတဲ့ အတွေးမျိုးမထား၊ ကိုယ့်အတွက်ပိုပြီး ကုသိုလ်တိုးတာပေါ့ဆိုတဲ့ ခံယူချက်လေးထားနိုင်ရင် တွက်ကပ်တာတွေ၊ စိတ်ကွက်တာတွေ မရှိတော့ဘဲ လုပ်နေရတဲ့ အလုပ်အပေါ် ကျေနပ်လာမှာပါ။ အလုပ်တစ်ခုဟာ ကျေကျေနပ်နပ် စေတနာပါပါလုပ်နိုင်ရင် အလုပ်လည်းပြီး အကျိုးလည်းကြီးစေတတ်ပါတယ်။
ဒါကြောင့် ကောင်းတဲ့အလုပ်၊ အပြစ်ကင်းတဲ့အလုပ်တွေမှာ "ငါပဲလုပ်နေရတယ်"ဆိုတဲ့ စိတ်မျိုးမထားဘဲ "ငါ့အတွက်ပိုပြီး ကုသိုလ်တိုးတာပေါ့"ဆိုတဲ့ စိတ်မျိုးထားနိုင်အောင် ကြိုးစားပြီး ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲဖြစ်ပါတယ်။
စေတနာကောင်းနဲ့ အလုပ်ကောင်းရင် တွက်ပြီးကပ်စရာလည်းမရှိ၊ ကွက်ပြီးမျက်တာလည်း မရှိတော့ဘဲ အလုပ်လည်းပြီး အကျိုးလည်းကြီးနေမှာ အသေအချာပဲ ဖြစ်ပါတယ်။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment