
ငြိမ်းအေးတဲ့ဘဝပိုင်ရှင် ဖြစ်ဖို့အတွက် . . .
ဒေါသကင်းခြင်း ( သို့ ) စိတ်မှာ အမျက်မပါခြင်း ကင်းရမယ် ဆိုတဲ့ အရည်အသွေး ရှိရပါမယ် ၊
ဒေါသ . . ဆိုတဲ့ ပါဠိစကားလုံးကို . . .
စိတ်တိုတယ် ၊ စိတ်ဆိုးတယ် ၊ အမျက် ထွက်တယ် လို့ ဘာသာပြန်ကြပေမယ့် . .
သူ့ရဲ့ တိုက်ရိုက်ထွက်တဲ့ အဓိပါယ်ကတော့ " ပျက်စီးခြင်း " ပါပဲ ၊
ပျက်စီးခြင်းသဘောကို ဒေါသလို့ ခေါ်ပါတယ် ၊
ကိုယ်လဲ ပျက်စီးနေတယ်၊ စိတ်လည်း ပျက်စီးနေတယ် ၊
ဒေါသဖြစ်ပြီဆိုရင် ကိုယ်အမူအရာတွေ ပုံမှန်အတိုင်း မဟုတ်တော့ပါဘူး ၊ ဖောက်ပြန်ပျက်စီးသွားတယ် ။
အသားဖြူတဲ့သူ ဒေါသဖြစ်ရင် အသား နီသွားမယ်။
အသားနီတဲ့သူ ဒေါသဖြစ်ရင် အသား ညိုသွားမယ်၊
အသားညိုတဲ့လူ ဒေါသဖြစ်ရင် အသား ပြာသွားမယ်၊
အသားပြာတဲ့သူ ဒေါသဖြစ်ရင် အသား မည်းသွားမယ် ၊
အသားမည်းတဲ့သူ ဒေါဖြစ်ရင် အသား နက်သွားမယ်၊
အသားနက်တဲ့သူ ဒေါသဖြစ်ရင် အသား မှောင်သွားမယ်၊
မှောင်ပြီးရင်တော့ ဘာမှ မကျန်တော့ဘူး ၊
ဒါကြောင့် ဒေါသဟာ . . .
လူရဲ့ " ပင်ကိုရုပ်အဆင်း " ကို ဖောက်ပြန် ပျက်စီး သွားစေတတ်တယ် ။
ဒေါသဟာ . . ." စိတ် " ကိုလည်း ပျက်စီးစေတတ်တယ် ။
ဘယ်လောက် ကောင်းတဲ့သူ ဖြစ်ဖြစ် ဒေါသ ဝင်လာရင် စိတ်သဘောထား ဆိုးကုန်တယ် ၊
နဂိုက စိတ်ဘယ်လောက်နူးညံ့တဲ့သူ ၊ မြင့်မြတ်တဲ့သူ ဖြစ်ပါစေ ဒေါသဝင်လာရင် စိတ်တွေ အောက်တန်းကျကုန်တယ် ။
သာမန်ပုထုဇဉ် အသာထားပေါ့ ။
ဘုရားဖြစ်ဖို့ တစ်ဘဝသာ လိုတော့တဲ့ ဝေသန္တရာ မင်းကြီးတောင် ဇူဇကာပုဏ္ဏားက သူ့ရှေ့မှာ သားတော် ဇာလီနဲ့ သမီးတော် ကဏှာဇိန်ကို ဆူးကြိမ်လုံးတွေနဲ့ ရိုက်တာတွေ့တော့. . .
ကျောင်းသင်္ခမ်းပေါ် ပြန်တက် ၊ ချိတ်ထားတဲ့ သံလျက်ကိုဆွဲယူ ၊ သံလျက်အိမ်က ထုတ်ပြီး ပုဏ္ဏားကို သတ်ပြီး သားနဲ့သမီး ပြန်ယူမယ် လို့ အတွေးဝင်ခဲ့တယ် ၊ နောက်တော့မှ ဉာဏ်နဲ့ ဆက်ခြင်ပြီး ပြန်မယူဖြစ်တော့တာ ၊
ဒါ ဘုရားလောင်းနော် ၊ သာမန်လူဆိုရင် မပြောနဲ့တော့ ။
---------------------------------------------
တစ်ခါတုန်းက မြွေတစ်ကောင်ရဲ့ ခေါင်းတည့်တည့်ကို ပျားတစ်ကောင်က တုပ်လိုက်တယ် ၊ ငယ်ထိပ်တည့်တည့်ကို ခဲပြီး တုပ်ထားတော့ ပေါက်လို့လဲ မရ၊ ရစ်လို့လည်း မရနဲ့ မြွေဟာ နာကျင်လွန်းလို့ ပျားအပေါ်မှာ ဒေါသတွေ ဖြစ်ပြီး . . .
ငါ့ကိုနာကျင်အောင် လုပ်တဲ့ ပျားတော့ သေစေရမယ် ဆိုပြီး ခပ်လှမ်းလှမ်းက မောင်းလာတဲ့ လှည်းတစ်စီးရဲ့ ဘီးအောက်မှာ ခေါင်းဝင်ထိုးတော့ ပျားလည်းသေ ၊ မြွေလည်း သေ တယ် ။
သူ့အကျိုးပျက်စီးအောင် လုပ်တဲ့ဒေါသက ကိုယ့်အကျိုးကိုလည်း ပျက်စီးစေတယ် ။
----------------------------------------------
အဓိပါယ်မရှိတဲ့ ဒေါသ ၊ သဘာဝမကျတဲ့ ဒေါသ ဆိုတာလည်း ရှိသေးတယ် ။
ပါဠိလိုတော့ " အဋ္ဌာနကောပ " လို့ ခေါ်တယ် ၊
မဖြစ်သင့်တဲ့ ဒေါသပေါ့ ။ အဓိပါယ်မဲ့တဲ့ ဒေါသပေါ့ ၊
ဥပမာ . . လမ်းသွားရင်း ခလုတ်တိုက်မိတယ် ၊ တော်တော်ရှုပ်တဲ့ ခလုတ်ဆိုပြီး ထပ်ကန်တော့ ကိုယ်ပဲ နှစ်ခါနာတာပေါ့ ၊ ခလုတ်က ကိုယ့်ကို လာတိုက်တာ မဟုတ်ပါဘူး ။ ကိုယ်က သွားတိုက်တာပါ ၊
တချို့ဆို ပန်းကန်လေး လွတ်ကျပြီးကွဲတယ် ၊ သေချာ ကိုင်တဲ့ကြားက ကွဲဦးဟာ ဆိုပြီး တခါထပ်ထုတော့ ကြေမွသွားတာပေါ့ ၊
ခလုတ်တိုက်မိလို့ ၊ ပန်းကန်လွတ်ကျလို့ ဒေါသထွက်တာ သဘာဝ မကျပါဘူး ။
ကိုယ်က အပြင်ထွက်မလို့ ၊ မိုးကရွာတော့ . .
ဒီမိုးကလည် အားတိုင်း ရွာနေတာပဲ ။ မိုး သွားပြီး စိတ်တိုတယ် ၊
ဆောင်းတွင်း ကျတော့လည်း ဘာလို့ ဒီလောက်တောင် အေးရတာလဲ ၊ နွေရောက်တော့လည်း နွေက ပူလိုက်တာနော် ။
သူ့သဘာဝအတိုင်း ဖြစ်နေတဲ့ ရာသီဥတုကို သွားပြီး စိတ်တိုတယ် ။
-------------------------------------------
အဋ္ဌာနကောပ လို့ခေါ်တဲ့ အဓိပါယ်မဲ့ ဒေါသတွေက နှစ်ဖက် ပျက်စီးတတ်တဲ့ သဘော ရှိပါတယ် ။ သက်ရှိကြောင့်ပဲ ဒေါသဖြစ်ဖြစ် ၊ သက်မဲ့ကြောင့်ပဲ ဒေါသဖြစ်ဖြစ် ဒေါသဖြစ်ရင် စိတ်ပူလောင်ရတော့တယ် ။
ဒါကြောင့် ဒေါသရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး ဒေါသကို ပယ်သတ်ရမယ် ။
ကိုယ်နဲ့စိတ်ဆိုတဲ့ နှစ်ဖက် ၊
မိမိအကျိုးနဲ့ သူတပါးအကျိုး ဆိုတဲ့ နှစ်ဖက် ၊
ပစ္စုပ္ပန်အကျိုး တမလွန်အကျိုး ဆိုတဲ့ နှစ်ဖက် ၊
ဒီလို နှစ်ဖက်ပျက်စီးစေတဲ့ ဒေါသကို . . .
ဆင်ခြင်ခြင်းနဲ့ ရှုမှတ်ခြင်း ဆိုတဲ့ နှစ်ဖက်နဲ့ လွှမ်းမိုး အနိုင်ယူလို့ ဒေါသကင်းစင် စိတ်ကြည်လင်နေပြီ ဆိုရင်တော့ . . . .
ငြိမ်းအေးသော ဘဝပိုင်ရှင် ဖြစ်ပါပြီ . . ။
------------------------------------------
အဖြစ်အပျက်တစ်ခုကြောင့်
ဒေါသထွက်တယ် ဆိုတာ
အဲဒီအဖြစ်အပျက်ကို
" ဒေါသထွက်စရာ " လို့
သတ်မှတ်လိုက်လို့ပါပဲ ၊
" ဒါလေးများ . . . ဒေါသ
ထွက်စရာ မဟုတ်ပါဘူး " လို့
နားလည်သဘောပေါက်ရင်တော့
အတင်းထွက်ခိုင်းတောင်မှ
ဒေါသကထွက်လို့ မရပါဘူး ၊
"သြော် . . ဒီလိုပဲပေါ့ . . .လို့
နှလုံးသွင်းနိုင်ဖို့ ဆိုတာက
စိတ်ဓာတ် ခိုင်မာနေမှ
အသိဉာဏ် ရင့်ကျက်နေမှ
ဗဟုသုတ ပြည့်စုံနေမှ ဖြစ်နိုင်တာပါ . . ။
" ဆရာတော်အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ"
ငြိမ်းအေးသောဘဝပိုင်ရှင် ( စာ-၅၄-၆၀ ) မှ ။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment