Friday, January 27, 2017

ကံအမျိုးစားများနှင့်အကျိုးပေးပုံ



၁။ ဂရုကံ
၂။ အာသန္နကံ
၃။အာစိဏ္ဏကံ
၎။ကဋတ္ထာကံ

[ ဂရုကံ ]

"ကံတစ်ပါးတို့ မတားနိုင်ရာ အားကြီးစွာသညာဂရုကံဟူသည်နှင့် အညီ "
ကံတစ်ပါးတို့မတားမြစ်ခြင်းငှါ မတတ်နိုင် သဖြင့်
သေသည်၏ အခြားမဲ့၌ အကျိုးပေးမြဲသော ကံသည်
"ဂရုကံ"မည်၏ ။
ဂရုကံ၏ အရာကား ကုသိုလ်၌ အာနုဘော်ကြီးသော်
မဟဂ္ဂုတ်ကံ ,
အကုသိုလ်၌ အပြစ်ကြီးလေးသော် ပဉ္စာနန္တရိယကံနှင့်
နိယတမိစ္ဆာဒိဋ္ဌိ ကံများတည်း ။

[ အာသန္နကံ ]
"သေဆုံးလုနီးမှပြုသော်လည်းကောင်းအဟောင်းပေါ်လာကံနှစ်ဖြာ အာသန္နကံ "
ဟူသည်နှင့်အညီ
သေဆုံးခါနီးကာလ၌ ပြုလုပ်အပ်သောကံသည်
လည်းကောင်း
ရှေးကပြုခဲ့ပြီးဖြစ်၍ သေဆုံးခါနီးမှ အောက်မေ့ အမှတ်ရအပ်သောကံသည်လည်းကောင်း"အာသန္နကံ"မည်၏ ။အထက်ပါ အဆိုအရ အာသန္နကံသည်
၁။ သေဆုံးခါနီး ပြုလုပ်အပ်သော အာသန္နကံက တစ်မျိုး
၂။ ရှေးကပြုခဲ့ဖူး၍ အမှတ်ရသော အာသန္နာနုဿ ရိယကံတစ်မျိုး ဤသို့ အာသန္နကံ နှစ်မျိုးရှိ၏ ။

[ အာစိဏ္ဏကံ ]

နေ့ရှည်လေ့ကျက် ရက်ရှည်စွဲမြဲ အထုံသဲ
ခေါ်မြဲ "အာစိဏ္ဏာ"ဟူသည်နှင့်အညီ
နေ့ရှည်လများ ကာလကြာအောင် ပွားများပြုလုပ်
အားထုတ်အပ်သော ကုသိုလ်ဘက်၌ ဒါန သီလ စသော
ကုသိုလ်မျိုး၊ အကုသိုလ်ဘက်၌ ပါဏာတိပါတ စသောအကုသိုလ်မျိုး သည် အာစိဏ္ဏကံမည်၏ ။
တစ်ကြိမ်ကုသိုလ်ပြုပြီးနောက် ထိုကုသိုလ်ကို
ကြိမ်ဖန်များစွာ ဝမ်းမြောက်မှု ။
တစ်ကြိမ်အကုသိုလ်ပြုပြီးနောက်
အကုသိုလ်ကို အဖန်ဖန် စိုးရိမ်ပူပန်မှုသည်လည်း
"အာစိဏ္ဏကံ" မည်၏ ။

[ ကဋတ္ထာကံ ]

"သုံးပါးမှလျှင် အလွတ်ထင် သညာကဋတ္ထာ"
ဟူသည်နှင့်အညီ -

ဂရုကံ ,အာသန္နကံ , အာစိဏ္ဏကံတို့မှ အလွတ်ဖြစ်သော
အမှတ်မဲ့ဖြစ်သော ကုသိုလ် အကုသိုလ်တို့သည်
ကဋတ္ထာကံမည်၏ ။
သူရူးပြုအပ်သော တုတ်သည် အမှတ်မရှိသော
အရပ်၌ကျသကဲ့သို့ ဂရုကံ , အာသန္နကံ , အာစိဏ္ဏကံ
မည်သောကံသုံးပါး မရှိသော် ကဋတ္ထာကံသည်
အကျိုးပေး၏ ။
ထိုကံလေးမျိုးတွင်
ဂရုကံသည် ကျန်ကံသုံးမျိုးတို့ အရင် အကျိုးပေးသည် ။
ဂရုကံမရှိသော် အာသန္နကံ အကျိုးပေးသည် ။
အာသန္နကံ မရှိသော် အာစိဏ္ဏကံအကျိုးပေးသည်။
အာသန္နကံက အာစိဏ္ဏကံ အရင်အကျိုးပေးသည်ဆိုရာ၌
အာသန္နကံနှင့် အာစိဏ္ဏကံ အားချင်းတူမျှလျှင်
အာသန္နကံ က အရင်အကျိုးပေးသည်ကို ရည်ရွယ်၍ ဆိုခြင်းဖြစ်သည်။

အကယ်၍ အာစိဏ္ဏကံက အားကြီးပြီး အာသန္နကံက
အားနည်းလျှင် အာစိဏ္ဏကံက အရင်အကျိုးပေးမည်မှာ
ဆိုဖွယ်ရာမရှိချေ ။

�အားကြီးသောကံက အားနည်းသောကံကို လွှမ်းမိုး၍
အကျိုးပေး၏ ။

� အားနည်း အားရှိဆိုရာဝယ် ကုသိုလ်ဘက်၌
စိတ်ကို ရွှင်လန်းခြင်းငှါ မစွမ်းနိုင်သည့်ကံ
အကုသိုလ်ဘက်၌ စိတ်ကိုပူပန်ခြင်းငှါမစွမ်းနိုင်သည့်
့်ကံသည် အားနည်းသောကံမည်၏ ။

�ထို့ကြောင့် အကုသိုလ်အာစိဏ္ဏကံရှိသော
အချို့သည်ကုသိုလ် အာသန္နကံကြောင့် နတ်ပြည်သွားရ၏ ။

�ဒမိဠဒေါပါရိ သည် အနှစ်နှစ်ဆယ်ပတ်လုံး ငါးမျှား၍
သေခါနီးကာလ၌ စူဠပိဏ္ဍပါတိကတိဿ မထေရ်ထံ၌
သရဏဂုံဆောက်တည်သော အာသန္နကံ ကုသိုလ်အား
ကြောင့် စတုမဟာရာဇ် နတ်ပြည်၌ ဖြစ်ရလေသည် ။

�ထို့အတူ ကုသိုလ်အာစိဏ္ဏကံရှိသော အချို့သော
သူတို့သည်အကုသိုလ်အာသန္နကံကြောင့် အပါယ
်သွားရသည် ။

မဟာပါစကာလ ဥပါသကာသည် အနှစ်သုံးဆယ်
ကာလပတ်လုံး သုံးဆယ့်နှစ်ကောဋ္ဌါသ ကမ္မဋ္ဌါန်းကို
စီးဖြန်းသော်လည်း သြဘာနိမိတ်မျှ မရနိုင်၍ ။
ဘုရားသာသနာတော်သည် သံသရာနိမိတ်မျှမရ၍ ၊
သံသရာမှ လွတ်မြောက်ကြောင်းဖြစ်မည် မထင်ဟု
အယူဖောက်ပြန်သော ၊"အကုသိုလ်အာသန္နကံ "
အစွမ်းကြောင့် သေသည်၏ အခြားမဲ့၌
မဟာဂင်္ဂါမြစ်တွင်း မိကျောင်းပြိတ္တာဖြစ်ရလေသည် ။

�ကုသိုလ်ကံအားကောင်းရေးအတွက်
လူတိုင်းလူတိုင်း မိမိစိတ်ကို နှစ်သက်ရွှင်လန်းမှုကို
ဖြစ်စေသည့် ( မိမိအင်မတန် နှစ်ခြိုက်သည့် ) ကုသိုလ်
ပြုလုပ်ထားရန် လိုအပ်လှပေသည် ။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment