
ငါဆိုသောငါ
ဘယ်မှာမှမရှိ
ဒိဋ္ဌိပယ်ရှား
အမှန်တရား
နှလုံးသွင်းမမှားပါစေနဲ့။
ပြုတာ ပြောတာ
ကြံတွေးတာက
ကာယကံ ဝစီကံ
မနောကံတွေပါ
စေတနာက တိုက်တွန်းလို့
ကံတွေ မြောက်ရတာ။
ငါလုပ်တာ မဟုတ်ပါ။
ခေါင်း ကိုယ် ခြေ လက်
ဓာတ်လေးပါး အစုအပေါင်း
အတိတ်အကြောင်းကံကြောင့်
ဒီဘဝမှာ တစ်ဖန်ရတာ
ဝိပါကဝဋ်ခန္ဓာပဲ။
ငါဆိုတဲ့ ခန္ဓာ မဟုတ်ပါ။
ငါဆိုတာမှ မရှိတော့
မြင်မြင်သမျှ
ငါမြင်တာမဟုတ်တာ
စက္ခုဝိညာဏ် ပေါ်သွားတာ။
ငါဆိုတာမှ မရှိတော့
ကြားကြားသမျှ
ငါကြားတာမဟုတ်တာ
သောတဝိညာဏ် ပေါ်သွားတာ။
ငါဆိုတာမှ မရှိတော့
နံနံသမျှ
ငါနံတာမဟုတ်တာ
ဃာနဝိညာဏ် ပေါ်သွားတာ။
ငါဆိုတာမှ မရှိတော့
စားစားသမျှ
ငါစားတာမှ မဟုတ်တာ
ဇိဝှါဝိညာဏ် ပေါ်သွားတာ။
ငါဆိုတာမှ မရှိတော့
ထိထိသမျှ
ငါထိတာမှ မဟုတ်တာ
ကာယဝိညာဏ် ပေါ်သွားတာ။
ငါဆိုတာမှ မရှိတော့
တွေးတွေးသမျှ
ငါတွေးတာမှ မဟုတ်တာ
မနောဝိညာဏ် ပေါ်သွားတာ။
ငါ ဆိုတာမှ မရှိတော့
ငါ့ဥစ္စာလည်း မရှိ။
ငါ့အတ္တလည်း မရှိ။
အရာရာငြိမ်းချမ်းလိုက်ပါဘိ။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment