
(မေး) ဥပုသ်စောင့်လိုသူများသည် ရဟန်းတပါးပါးထံမှဖြစ်စေ၊ ရုပ်ပွားတော် စေတီတော်များ ရှေ့၌ဖြစ်စေ ခံယူဆောက်တည်နိုင်ကြောင်း သိရပါသည်။
သို့တည်းမဟုတ် မည်သူ့ထံမှ မဆောက်တည်ဘဲ ငါးပါးသီလ ရှစ်ပါးသီလ တို့ကို စိတ်ဖြင့် စောင့်စည်းနေထိုင် ကျင့်ကြံလျှင် ဖြစ်နိုင် မဖြစ်နိုင်။
( ဖြေ ) ငါးပါး ရှစ်ပါး သီလတို့ကို မိမိဘာသာ စောင့်ရှောက် ဆောက်တည်နိုင်သော်လည်း နှုတ်မြွက်ဆို၍ကား ဆောက်တည်ရပါမည်။
နှုတ်မမြွက်ဘဲ စိတ်ထဲက ဆောက်တည် စောင့်စည်း နေထိုင်ရုံဖြင့် မရပါ။
အနည်းဆုံး-တပည့်တော်သည် ငါးပါးသီလကို ဆောက်တည်ပါ၏ ဘုရား။
ရှစ်ပါးသီလကို ဆောက်တည်ပါ၏ ဘုရား-စသည်ဖြင့်မြန်မာဘာသာဖြင့်
နှုတ်မြွက် ပြောဆို၍ ဆောက်တည်ရပါမည်။
ဥပုသ်ထွက်ခြင်း
(မေး) ဥပုသ်နေ့တွင် ဥပုသ်ဆောက်တည်ပြီး နောက်နေ့တွင် ဘုရားရှေ့တွင် ဥပုသ်ထွက်ကြောင်း ခွင့်ပန်ဖို့ လိုအပ်ပါသလား။
ခွင့်မပန် ဥပုသ်မချဘဲ အစားအစာများစားလျှင် အပြစ်ဖြစ်ပါသလား။
( ဖြေ ) ဥပုသ်သီလမှာ ရိုးရိုးခံယူဆောက်တည်လျှင် ဥပုသ်နေ့ကုန်ဆုံး၍ နောက်တနေ့ အရုဏ်တက်ချိန်တွင် အလိုအလျှောက် ခံယူချက် ပျက်ပြယ်သွားပါသည်။ ဥပုသ်ထွက်ကြောင်း ခွင့်ပန်ခြင်း၊ ငါးပါးသီလ စသည် ခံယူ၍ ဥပုသ်ချခြင်း စသည် ပြုဖွယ်မလိုပါ။
အဓိဋ္ဌာန်ဖြင့် ၇-ရက် ဥပုသ်ဆောက်တည်မည်၊ ၉-ရက် ၄၅-ရက် စသည် ဆောက်တည်မည်ဟု ဆို၍ ခံယူဆောက်တည်လျှင်လည်းအစတနေ့ ခံယူဆောက်တည်ပြီး နောက်နေ့များတွင် ထပ်ပြီး ခံယူဆောက်တည်ရန် မလို၊ အဓိဋ္ဌာန်ရက် ကုန်ဆုံးမှ အလိုလို ပျက်ပြယ်သွားပါသည်။
နေလွဲညစာ စားမှုကိစ္စ
(မေး) ဗုဒ္ဓဘာသာဝင်များ ဥပုသ်သီလ စောင့်ထိန်းရာတွင် နေလွဲညစာ စားမှုမှ ရှောင်ကြဉ်ရခြင်း၏ ရည်ရွယ်ချက် အနှစ်သာရသဘောထားကို ရှင်းလင်းပေးတော်မူပါဘုရား။
( ဖြေ )လူပုဂ္ဂိုလ်တို့သည် နိစ္စသီလဖြစ်သောငါးပါးသီလကိုသာ စောင့်ထိန်းရာမှ အရိယာ သူတော်ကောင်းများကဲ့သို့ သီလများစွာကို စောင့်ထိန်းလိုသောအခါ အနာဂါမ်အရိယာများ, ရဟန်းပုဂ္ဂိုလ်နှင့် ဘုရား ရဟန္တာများအား အတုယူ၍ ဗြဟ္မစရိယသီလတော်မြတ်ကို ခံယူဆောက်တည်ကြရာ ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-နေရာ၌ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-ကို အစားထိုး ဆောက်တည်ကြရပါသည်၊
ဗြဟ္မစရိယ သိက္ခာပုဒ်တော်ကြီးမှာ အလွန်သိမ်မွေ့လှပါသည်၊ ဤသိက္ခာပုဒ်တော်ကြီး တည်တံ့ခိုင်မြဲရေး၏ အကြီးဆုံးအန္တရာယ်မှာ ညစာစားခြင်းပင် ဖြစ်ပါသည်၊
ညစာစားမှုသည် ကာမမှုကို အားပေးသော အားဆေးကြီးပင် ဖြစ်သည်၊ ထို့ကြောင့် ဗြဟ္မစရိယသိက္ခာပုဒ် ခိုင်မြဲရေးအတွက် ညစာစားမှုကို ပထမဆုံး ရှောင်ကြဉ်ရပါသည်။
ထို့အတူ ဗြဟ္မစရိယ သိက္ခာပုဒ်ကို ပျက်ပြားစေရေး အားပေးသော ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်း, ယင်းတို့ကို ကြည့်ရှု နားထောင်ခြင်း, ပန်းပန်ခြင်း, နံ့သာလိမ်းခြင်း, တန်ဆာဆင်ခြင်းနှင့် ညက်ညောသော အခင်းအာရုံတို့နှင့် အိပ်စက်ခြင်းတို့ကိုပါ ရှောင်ကြဉ်ရပါသည် ။
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။
No comments:
Post a Comment