
ဆုတ်ကပ်ဆိုတာ အကောင်းတွေ နောက်ဆုတ်
ဘေးကပ်ရတဲ့ သဘောရှိတယ်။
အကောင်းအကောင်းတွေ နောက်ဆုတ် ၊
ဘေးကပ်ရတော့ အညံ့တွေ အဆိုးတွေ
ရှေ့တက်နေရာ ယူကြတယ်လို့ ပြောလို့ရတယ်။
ဆုတ်ကပ်မှာ ဗဟိဒ္ဓ အပြင်ပိုင်းကကြည့်ရင်
တိုးတက်လာတယ် ထင်ရပေမယ့် အဇ္ဈတ္တအတွင်းပိုင်းက
ကြည့်တော့ ဆုတ်ယုတ်သွားတာကို တွေ့ရမယ်။
ဒီနေ့ သိပ္ပံခေတ်ကြီးမှာ ရုပ်ဝတ္တုတွေ ၊ရုပ်ပိုင်းဆိုင်ရာတွေ
တိုးတက်ပါတယ်။နာမ်ဝတ္တု စိတ်ပိုင်းဆိုင်ရာတွေကျ
ဆုတ်ယုတ်သွားတယ်။
လောဘ ၊ဒေါသ ၊မောဟတွေ အားကြီးလာတယ်။
မာန်မာန၊ ဣဿာ ၊မစ္ဆရိယတွေ အားကြီးလာတယ်။
မကောင်းတာတွေ အားကြီးလာတဲ့အခါကျတော့
ကောင်းတာတွေက အားနည်းသွားတယ်။
အလောဘဆိုတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊
အဒေါသဆိုတဲ့ သည်းခံခွင့်လွတ်မှုတွေ၊
သဘောထားကြီးမှုတွေ ညှာတာထောက်ထားမှုတွေ၊
အမောဟဆိုတဲ့ အသိစိတ်ဓာတ် အသိတရား
အသိဉာဏ်ပညာတွေ အားနည်းသွားကြတယ်။
ဆုတ်ယုတ်သွားကြတယ်။
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့
ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးကုန်ကြတယ်။
ကိုယ်ကျိုးကြည့်မှုတွေ ၊အတ္တဆန်မှုတွေ ၊
တစ်ကိုယ်ကောင်းဆနိမှုတွေ၊ အနိုင်ကျင့်မှုတွေ ၊
ယုတ်မာပတ်စက်မှုတွေ၊ ကလိမ်ကကျစ်ကျမှုတွေ ၊
မနာလိုဝန်တိုမှုတွေ ၊မမျှတမှုတွေ ၊ဘက်လိုက်မှု ၊
အဂတိလိုက်မှုတွေ များပြားကုန်ကြတယ်။
ဆုတ်ကပ်မှာ ကောင်းတာတွေ ဆုတ် ၊
မကောင်းတာတွေ တက်ကြမှာမို့ အေးချမ်းဖို့ဆိုတာ
မလွယ်တော့ပါဘူး။
ဆုတ်ကပ်ဆိုတာ သုံးချောင်းထောက်စားပွဲ
ခြေနှစ်ချောင်းကျိုးတာနဲ့ တူသတဲ့။
သုံးချောင်းထောက်စားပွဲ ခြေနှစ်ချောင်းကျိုးမှတော့
ရပ်တည်ဖို့ မလွယ်တော့ဘူးပေါ့။
အဓိပ္ပာယ်က လူသုံးယောက်မှာ နှစ်ယောက်လောက်က
တရားပျက်နေပြီ။ ကမ္ဘာလူဦးရေ သုံးပုံနှစ်ပုံလောက်က
တရားပျက်နေပြီ မကောင်းတော့ဘူးပေါ့။
ဒီတော့ ဒီကမ္ဘာကြီး ငြိမ်းချမ်း နိုင်ပါဦးမလား။
စားစရာ ၊ဝတ်စရာ၊ နေစရာ ၊ထိုင်စရာ
ဆက်သွယ်စရာ၊ ကြည့်ရှု့စရာ နားဆင်စရာ ၊
မွှေးကြိုင်စရာစတဲ့ ခံစားစရာ ပစ္စည်းဝတ္တုတွေ
အရမ်းခေတ်မီ တိုးတက်တာပဲ။ဒီပစ္စည်းတွေကို
ခံစားချင်တဲ့ တဏှာလောဘကလည်း အရမ်း
ကြီးလာကြတယ်။တဏှာလောဘဆိုတာ
ဒုက္ခဖြစ်ကြောင်း သမုဒယဆိုတော့ ဒီလူတွေ
ဘယ်လိုလုပ် ချမ်းသာနိုင်တော့မှာလဲ။
တီထွင်ကြတာ ဖန်တီးကြတာတော့ ချမ်းသာဖို့ပါပဲ။
ဒါပေမယ့် ဒီပစ္စည်းဝတ္တုတွေ ပိုင်ဆိုင်ချင် ခံစားချင်တဲ့
လောဘကြောင့် မရအရ လိုက်လံရှာဖွေကြရ၊
ပြိုင်ဆိုင်ကြရ ၊မနာလိုဝန်တိုဖြစ်ကြ ၊ခိုက်ရန်ဒေါသဖြစ်ကြနဲ့
လူတွေအဖို့ ချမ်းသာလမ်း မမြင်တော့ပါဘူး။
ဆုတ်ကပ်ဆိုတာ အပေါ်ယံ သာမန်ကြည့်ရင်
တိုးတက်သလိုရှိပေမယ့်အတွင်းပိုင်းကသေချာကြည့်လို့မြင်တတ်မယ်ဆိုရင်ဆုတ်ယုတ်ပျက်ပြား ကုန်ပါပြီ။ ။
Website - https:///muditar.blog.com
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
---------------------------------------------------------------------------
No comments:
Post a Comment