Saturday, January 21, 2017



ဣရိယာပုတ်လေးပါးတို့တွင် ဘယ်ဣရိယာပုတ်ကို
ဘုရားရှင် ကြည်ညိုလေးစားပါသလဲ

ဒကာ။ ။ တရားဓမ္မ အားထုတ်မှတ်သား ပွားများတဲ့အခါ ထိုင် ရပ် လျောင်း သွား လေးပါးသော ဣရိယာပထတို့တွင် ဘယ်ဣရိယာပုတ်ကို မြတ်စွာဘုရား ကြည်ညိုလေးစားတော်မူပါသလဲ ဆရာတော်၊ ကျမ်းဂန်နဲ့ ထုတ်ဆောင်ပြပေးပါဘုရား။

ဆရာ။ ။ အင်း…လေးဝသော ဣရိယာပထတို့တွင် တရားအားထုတ်သောအခါ ကြည်ညိုဖွယ်ရာ ဣနြေ္ဒသိက္ခာအပြည့်ဝဆုံး ဣရိယာပထကို တပါးစီ စစ်ဆေးကြည့်ရှုရအောင် နားထောင်ပါ။
၁။ စင်္ကြံသွားသော ယောဂီ၏ ခြေ လက် ဦးခေါင်း စတဲ့ ကိုယ်အင်္ဂါများဟာ လှုပ်ရှားနေတယ် မငြိမ်သက်ဘူးတဲ့။
၂။ ရပ်တည်နေသော ယောဂီ၏ ကိုယ်ဒြပ်သည် တောင့်တောင့်မတ်မတ် ခိုင်ခိုင်ကြီး ဖြစ်နေတယ်တဲ့။
၃။ ကိုယ်ကို လျောင်းလျက် အိပ်စက်နေသော ယောဂီ၏ ကိုယ်ကာယသည် နှစ်သက်ကြည်ညိုဖွယ် မရှိလှချေတဲ့။
၎။ တင်ပါးနှစ်ခုကို ပလ္လင်ခံထိုင်လျက် ပေါင်နှစ်ချောင်းနဲ့ သလုံးမြင်းခေါင်း ခြေချောင်းနှစ်ဖက်တို့ကို ထက်ဝယ်ဖွဲ့ခွေကာ ခါးရိုးကျောဆစ်များကို မတ်စွာထား၍ ထိုင်နေသော ယောဂီ၏ ထိုင်ခြင်း ဣရိယာပုတ်သည်သာ မြင်ရသူတိုင်း တင့်တယ်၍ ကြည်ညိုဖွယ်ဖြစ်လေသည်တဲ့။
ဒါ့ကြောင့် ဣရိယာပုတ်လေးပါးတို့တွင် တင်ပလ္လင်ခွေထိုင်နေခြင်း ဣရိယာပထကိုသာ မြတ်ဘုရားနဲ့ မြင်ရသူ နတ်လူအများတို့ကပါ ကြည်ညိုလေးစားကြလေသည်လို့ မှတ်ရမည်တဲ့။
ကျမ်းဂန်အထောက်အထားကတော့ ပက္ကုသာတိမင်းကြီးနဲ့ ဗိမ္ဗိသာရမင်း နှစ်ပါးတို့ ချစ်ကြည်ရေး ဇာတ်လမ်း တရားတော်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ညသန်းခေါင်ယံကာလ ကယ်တင်ချွတ်ချေရမည့် သတ္တ၀ါကို ဉာဏ်တော် ကွန်ယက်ကို ဖြန့်လျက်ကြည့်ရှုတော်မူသောအခါ…..
ဘဂ္ဂ၀အိုးထိန်းသည် အိုးလုပ်ရာ တည်ခိုးရေးဌာန၌ ခြေ လက် ဦးခေါင်းတို့ လှုပ်ရှားခြင်း လုံးဝကင်းလျက် တင်ပလ္လင်ခွေထိုင်ကာ ရွှေဆင်းတုရုပ်ပုံပမာ (အာနာပါန စတုတ္ထဈာန်ကို ၀င်စားကာနေရှာသော) ပက္ကုသာတိ အမျိုးကောင်းသား ဘုရင်မင်းတရားကို မြင်တော်မူသော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်၏ စိတ်တော်ဓာတ်ဝယ် ဤပက္ကုသာတိ အမျိုးကောင်းသားသည် ကြည်ညိုဖွယ်ကို ဆောင်သော ဣရိယာပုတ်ဖြင့်ထိုင်နေ၏။ တင့်တယ်သပ်ရပ်လှပေ၏ ဟု ထင်မြင်ဖြစ်ပေါ်လာလေသည်တဲ့။
ဤနည်းပုံအတိုင်း အာနာပါန စတုတ္ထဈာန်ကို ၀င်စားကာ တင်ပလ္လင်ခွေ ထိုင်နေရှာသော ပက္ကုသာတိ အမျိုးကောင်းသား၏ ထိုင်နေပုံ ဣရိယာပုတ်ဖြင့်ပင် ကြည်ညိုတော်မူရကား မြတ်စွာဘုရားသခင်ကပင် စကားစတင် ပြောကြားဖို့ကို ဆင်ခြင်အားထုတ်တော်မူလေသည်တဲ့။ ကဲ…အဲဒါဟာ ကျမ်းဂန်အထောက်အထား သက်သေသာဓကများပါပဲဗျား၊ ဘာများပြောချင်သေးသလဲ။
ဒကာ။ ။ အားရ ကျေနပ် နှစ်မြို့စရာ အဖြေလွှာပါပဲ ဆရာတော်။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment