Saturday, January 21, 2017

နားလည်ပေးပါ ယသောဓရာ



ကျော်လွန်လာတဲ့ နေ့ရက်တွေက
ထာဝရ ပျော်ရွှင်ခဲ့ရပါတယ် နှမတော်

ထာဝရသက်ဆုံးထိ တိုင်တိုင်
လက်တွဲစွာ ဖြတ်သန်းကြမယ်လို့
မနေ့ကထိ ယုံကြည်မိခဲ့ပါတယ် နှမတော်

မချစ်လို့ မဟုတ်ပါဘူး ယသောဓရာ
ချစ်နှမမို့ ချစ်လွန်းပိုမိခဲ့တာ ယုံပါ နှမတော်

သားချစ်ရာဟု သွေးဖြူဥနယ်
မလွမ်းတမ်းတ ရှိပါ့မလား နှမငယ်

မောင်းမခြွေရံ အလှသူဇာ
နှမတော် ယသောဓရာကိုလေ
မချစ်လို့ မဟုတ်ပါဘူး ယသောဓရာ

ခွဲခွာလို့ ပျော်နေသူမဟုတ်သလို
ပျော်နေသူအဖြစ် ခွဲခွာသူလဲ
မဟုတ်ပါဘူး နှမ ယသောဓရာ

မျက်ရည်အဖြိုင် မိုးမသဲပေမဲ့
ရင်လှိုင်းမှာတော့ အုံ့စိုင်းမိသည်မို့
မင်း နားလည်နိုင်မှာပါ ယသောဓရာ

အကြိမ်ကြိမ်ကြိုးစားပြီး မေးခဲ့မိပါရဲ့
ခုတော့ လမ်းခွဲဖို့ ခွင့်ပြုပါ နှမယသောဓရာ

ချစ်လှစွာ ချစ်ဇနီး နဲ့ ချစ်မငြီးတဲ့ သားလှ
နန်းမသုံးဆောင် ဘုံအလည်မှာ
စံတင့်နေလို့ ရသေးပေမဲ့

စကြာဝဠာ ဂုဏ်လွှာသတင်း
တိုင်းဆထက် ကြီးမား
ဘုရင်အဖြစ်ကို ယူနိုင်ပါလျက်နဲ့

နှလုံးသားကို အရင်းပြု
အသည်းတစ်စုံကို ခဝါချ
ဘဝကိုမြုပ်နှံ ပုံအပ်ကြိုစားမည်မို့

လွမ်းခွဲရတော့မယ် နှမယသောဓရာ

ဝမ်းမနည်းပါနဲ့ နှမတော်

မင်းနဲ့ငါရဲ့ ဝမ်းနည်းမျက်ရည်ဟာ
နောင်တစ်ချိန် လောကလူသား
ဝေနေယျများစွာ ထိုသူတွေရဲ့
သောကမျက်ရည်တွေကိုလေ

ပယ်ဖျောက်ဆေးကြောပေးနိုင်တဲ့
မေတ္တာမိုးအဖြစ် ရွာချသွန်းလောင်း
ပေးနိုင်မည်သာ ဧကန်သာမို့
ကျေနပ်လိုက်ပါ နှမယသောဓရာ

နားလည်ပေးပါ ယသောဓရာ
နားလည်ပေးပါ ယသောဓရာ



https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment