Friday, January 27, 2017

ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား



ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာကို
"ယောနိသော မနသိကာရ"လို့ ပြောနိုင်ပါတယ်။

ကုသိုလ်ဖြစ်အောင်က မျက်စိက မြင်စရာ အာရုံလေးတစ်ခုဟာလောဘဖြစ်စရာ
ဆိုရင် ကိုယ့်မှာ ဆင်ခြင်တုံတရားရှိရပါမယ် သူများပိုင်တဲ့ပစ္စည်းဆိုလို့ရှိရင်

“ဒါသူများပိုင် တဲ့ ပစ္စည်းနဲ့ပတ်သက်ပြီး ငါ
လောဘဖြစ်လို့ မကောင်းဘူး ငါ့မှာ လောဘမဖြစ်စေရဘူး”လို့ဒီအတွေးမျိုး
တွေးလိုက်တာနဲ့ ဒါ"ယောနိသောမနသိ
ကာရ" လို့ခေါ်ပါတယ်။

မုန်းစရာလူတစ်ယောက်ကိုတွေ့လိုက်ရင် လည်း “အေး ငါမုန်းလို့ သူ့မှာ ဘာမှဖြစ်မှာ
မဟုတ်ဘူး ငါ့မှာသာ ငါ့ရဲ့နှလုံးသားဟာ ညစ်နွမ်းသွားမယ် ငါ့မှာပဲအကုသိုလ်ဖြစ်
တယ် မုန်းနေခြင်းဟာ အကျိုးမရှိဘူး” လို့ နှလုံးသွင်းလိုက်လို့ရှိရင်လည်း ဒါ"ယောနိ
သောမနသိကာရ"ပါပဲ။

ဆိုလိုတာက ယောနိသောမနသိကာရ ဆိုတာ ကုသိုလ်ဖြစ်ဖို့ဦးလှည့်ပေးတာဖြစ်
ပါတယ်ဥပမာလူတစ်ယောက်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာကိုတည်ဆောက်
ပြီ ဆိုလို့ရှိရင် လူတိုင်း လူတိုင်းမှာ အဆိုးနဲ့ အကောင်းဆိုတာ နှစ်မျိုးတွဲပြီး နေပါတယ်

ကောင်းတဲ့အကွက်လည်း ရှိကြပါတယ် ဆိုးတဲ့အကွက်လည်း ရှိကြပါတယ် အဲဒီတော့ မေတ္တာပွားချင်လို့ရှိရင် သူ့ရဲ့ ဆိုးတာတွေကို မကြည့်ဘဲ ။

ဆိုးတဲ့ အပိုင်းတွေကို ဖယ်ထားလိုက်ပြီး ကောင်းတဲ့အကွက်လေးကိုသာကြည့်ပြီး
တော့ မေတ္တာပွားရပါမယ် ကိုယ့်သန္တာန်မှာ မေတ္တာဖြစ်ဖို့က အဓိကဖြစ်ပါတယ်။

“ဒီလူဟာ ငါ့အပေါ်ဘယ်လောက်ဆိုးတာ”
အဲဒီ အတွေးက ပင့်ပေးလိုက်တဲ့အခါ
ဒေါသတွေဟာပိုမြင့်တက်လာတတ်ပါ
တယ်အဲဒီအဆိုးတွေသာတွေးလို့ရှိရင်
မီးတောက် လေးကို လေတဖြူးဖြူး တိုက်လာသလိုပဲ ပိုပြီးတော့ အရှိန်မြင့်တက်လာတတ်ပါတယ်။

ဘယ်ဟာပဲဖြစ်ဖြစ် “မီးလောင်ရာ လေပင့်” ဆိုသလို လောဘဖြစ်လို့ တွေးလိုက်ရင် ပိုပြီးလောဘဖြစ်ပါတယ်ဒေါသဖြစ်တဲ့ အာရုံကိုလည်းတွေးလိုက်ရင်ဒေါသကပိုပြီးအရှိန်မြင့်လာပါတယ်အဲဒီတော့အဲဒါတွေကိုမတွေးဘဲနဲ့တစ်ဖက်ကလှည့်ပြီးတော့ တွေးရပါမယ်။

အဆိုးတွေထဲက အကောင်းကိုရှာရပါမယ် အဆိုးတွေထဲက အကောင်းကို ရှာပြီးတော့ မေတ္တာပွားရပါမယ်အဲဒီတော့လောဘဖြစ်မှုနဲ့ ပတ်သက်ရင် ပစ္စည်းတစ်ခုအပေါ်မှာ လောဘဖြစ်လာရင်လူတစ်ယောက်အပေါ်မှာ လောဘဖြစ်လာရင် တွယ်တာမှုတွေ ဖြစ်လာပါတယ် ။

မိဘနဲ့သားသမီးဆိုပါစို့မိဘကဒီသားသမီးကို
သိပ်ချစ်တယ်သံယောဇဉ်တွေသိပ်ဖြစ် လာတယ်သူ့အပေါ်မှာဖြစ်လာတဲ့သံယော
ဇဉ်မလျှော့ချနိုင်ဘူးဆိုရင်ဘယ်လိုတွေး
ရမတုန်းဆိုတော့-

“အေးငါ့အိမ်ရောက်လာတာငါခေါ်ထားတာ မဟုတ်ဘူးသူ့ကံနဲ့သူလာတာပြန်ချင်တော့
လည်းသူ့ဟာသူပြန်မှာငါကအရင်တုန်းက သူ့ကိုသိတာမဟုတ်ဘူးခုမှသိတာ
ငါလည်း တစ်နေ့ သေရမှာ သူလည်း တစ်နေ့သေရမှာ” ဆိုတဲ့ အတွေးမျိုး တွေးလိုက်လို့ရှိရင် အလိုလို လျှော့ကျ
သွားပါတယ်။

ဒီတွယ်တာမှု သံယောဇဉ်ဟာ ငါ့မှာလည်း အကျိုးမဖြစ်ဘူးသူ့မှာလည်းအကျိုးမဖြစ်
ဘူးသူ့မှာ ဘာလိုအပ်လဲ လိုအပ်တာ ငါဖြည့်ဆည်းပေးမယ် ဒါ မေတ္တာ ဘက်က ကြည့်တာ “သူလိုအပ်တာ ငါ ဖြည့်ဆည်း ပေးမယ်၊သူ့ကောင်းကျိုးကိုငါဆောင်ရွက်
ပေးမယ် ။

သက်သက်သံယောဇဉ်ဖြစ်နေလို့ ငါ့အတွက်မှာ ဘာမှ ကောင်းကျိုးရမှာ မဟုတ်ဘူး လို့ အဲဒီလို မှန်ကန်စွာတွေးတောခြင်းဖြင့်သံယောဇဉ်တရားကို လျှော့ချ ပေးလို့ရပါတယ်။

ပစ္စည်းဥစ္စာ အပေါ်မှာလည်း သံယောဇဉ် ဖြစ်တတ်ပါတယ်၊ လက်ဝတ်ရတနာတို့ အ၀တ်အထည်တို့ တချို့ဆို မ၀တ်ရက် မစားရက်ဒီလိုဖြစ်တတ်တာတွေရှိတတ်ပါ
တယ်ကိုယ်သိပ်စုံမက်တဲ့ပစ္စည်းဆိုရင်ကိုယ် တိုင်တောင်မသုံးရက်အဲဒါမျိုးတောင်ဖြစ်
တတ် ပါတယ်။

အဲဒီလို ဖြစ်လာလို့ရှိရင် စိတ်ထဲက ခုနက ယောနိသောမနသိကာရနဲ့ဘယ်လိုနှလုံး
သွင်းရမလဲဆိုရင် အနိစ္စ သဘောကို ဆင်ခြင်စဉ်းစား ကြည့်ရပါမယ် ။

“အေး-ဒီပစ္စည်းလေးဟာ ငါမသုံးလည်း တစ်နေ့ပျက်စီးသွားမှာပဲ ငါကသော်လည်း ပစ္စည်းကိုစွန့်တာ ဖြစ်မယ် ပစ္စည်းကလည်း ငါ့ကိုစွန့်သွားနိုင်တယ်”ကိုယ့်မှာရှိနေတဲ့
အချိန် ပစ္စည်းဆိုတာအသုံးချဖို့ဖြစ်ပါတယ်။

သုံးရမယ်လို့ စိတ်ထားမျိုးထားလို့ရှိရင် ပစ္စည်းအပေါ်မှာ နှမျောတွန့်တိုမှုဆိုတာ ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒါကြောင့်မို့လို့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းဆင်ခြင်မှုဟာ စိတ်အလုပ် သက်သက်ဖြစ်တာဖြစ်သောကြောင့် မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရလေအောင် ။

အကုသိုလ်တွေနဲ့ဆိုင်ရာတွေမတွေးတော
လေအောင်ကောင်းတဲ့အာရုံနဲ့အစားထိုးတာ ဖြစ်တယ်လို့ သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ် မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ်
အားထုတ်နိုင်ကြပါစေသတည်း။
-
( ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
ပထမပါမောက္ခချုပ် ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ )


ဤဓမ္မဒါနကိုဝေမျှရသောကုသိုလ်ကြောင့်နိဗ္ဗာန်အတွက်
ကြီးစွာသောအထောက်အပံ့ဖြစ်ပါရစေ . . . . . ။

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

သူမကောင်းလည်းကိုယ်ကောင်းပါ
✿✿✿✿✿✿✿✿✿✿✿✿✿✿

မြတ်စွာဘုရားက လောကမှာတဲ့ တစ်ချို့လူတွေက
ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်ကကောင်းလို့
ကိုယ်ကကောင်းနေတာ၊ ဆိုလိုတာက သူများတွေက
တော်နေလို့ ကောင်းနေတဲ့ သူတော်ကောင်း
ဖြစ်နေရတာ။

✏ တချို့ကျတော့ ကိုယ့်ပတ်ဝန်းကျင်က
သိပ်ကောင်းတယ်လေ။ ပတ်ဝန်းကျင်က
ကိုယ့်အလိုအတိုင်းပြည့်နေတော့ သဘော
ကောင်းလိုက်တာ။ ပတ်ဝန်းကျင်အဆိုးနဲ့
တွေ့ရတဲ့အခါမှာ သဘောကောင်းသလား၊
မကောင်းဘူးလား? ဆိုတာကို ဆုံးဖြတ်ကြည့်ရမယ်။

✏ တချို့ကျတော့လည်း တစ်စုံတစ်ခုရပြီးတော့
ဦးစားပေးခံနေရလို့ သဘောကောင်းနေတာလည်း
ရှိသေးတယ်။ ဦးစားပေးခံရလို့ သဘောကောင်းနေ
တာမျိုးဟာလည်း ရှိတတ်ပါတယ်။

✏ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာ
မျိုးမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကောင်းနေတာ
ကြောင့်ဆိုရင် တကယ်ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။
`နိဝါတ´ ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။
`ဥပသန္တ´ စိတ်နှလုံးငြိမ်းအေးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။

✏ ငါဟာ တကယ်သဘောကောင်းတဲ့သူလား။
ပတ်ဝန်းကျင်ကောင်းလို့ ကောင်းတာ၊ စိတ်မဆိုး
တတ်တာလား။ စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုးတာလား။
စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာပါလား။

✏ ပတ်ဝန်းကျင်ကောင်းလို့ ငါကောင်းနေတာပါလား။
တကယ့်ကို ပတ်ဝန်းကျင်ကမကောင်းတဲ့ကြားမှာ ငါကောင်းအောင်နေနိုင်ရဲ့လား။ ကိုယ့်ကို
ထော်လော်ကန့် လန့် လုပ်နေတဲ့သူတွေရဲ့ကြားမှာ
ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲဆိုတာကို
စဉ်းစားကြည့်ပါ။

.

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment