
════════════════════
❖သက်ရှိကျတော့ ဘာနဲ့ချစ်တတ်ရမှာတုန်း။
သဒ္ဓါနဲ့ရော မေတ္တာနဲ့ရော ချစ်တတ်ရမှာ။
ကိုယ့်အိမ်မှာ အတူတူနေတဲ့ ဇနီးခင်ပွန်း၊
ညီအစ်ကို မောင်နှမ၊ဆွေမျိုးမိတ်ဆွေက စပြီးတော့၊
အိမ်မှာမွေးထားတဲ့ ကြောင်လေး ခွေးလေးတွေအဆုံး
သက်ရှိပုဂ္ဂိုလ်တွေအကုန်လုံးအပေါ်မှာ သဒ္ဓါနဲ့လည်းချစ်၊ မေတ္တာနဲ့လည်း ချစ်တတ်ရမယ်။
❖ ကိုယ့်သားသမီးကို နေ့စဉ် ကျွေးမွေးနေရတာကိုက
အလှူဒါနပြုနေရတာလို့ သဒ္ဓါတရားလေးနဲ့ နှလုံးသွင်း
လိုက်မယ်။ ငါ ကျွေးလိုက်တဲ့ ထမင်းဟင်းစားပြီးတော့
ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ အစစအရာရာ
အဆင်ပြေကြပါစေ။ ကိုယ်လုပ်ချင်တဲ့ကုသိုလ်ကောင်းမှု
အလုပ်တွေ လုပ်နိုင်ကြပါစေဆိုတဲ့ မေတ္တာဓာတ်လေး
ပို့လွှတ်ပြီးတော့ ကျွေးမယ်ဆိုရင် သားသမီး ကျွေးတာဟာ
သားကျွန်ခံရတာလား၊ ကုသိုလ်ပြုရတာလား။
ကုသိုလ်ပြုရတာ။
❖သံဝေဂရှုထောင့်က ကြည်ရင်တော့လည်း သားကျွန်၊
မယားကျွန်ဆိုပြီးတော့ သံဝေဂဖြစ်အောင် နှလုံးသွင်း
ရတာပေါ့။ အဲဒါက တစ်ပိုင်းတစ်ကဏ္ဍ။
ဒါနကုသိုလ်ရှုထောင့်က ကြည့်လိုက်တဲ့အခါကျတော့
ကိုယ့်အိမ်မှာရှိတဲ့ဇနီး၊ ခင်ပွန်း ၊ သားသမီး ၊ ဆွေမျိုးမိတ်ဆွေ
အားလုံးတို့ဟာ အလှူခံပုဂ္ဂိုလ်တွေချည်းပဲ။
သံသရာခရီးလမ်းမကြီးက ဇရပ်တစ်ခုမှာ တွေ့ကြတဲ့ ဧည့်သည်တွေ။
❖ဧည့်သည်ကို ဧည့်ဝတ်ပြုတာဟာ ကုသိုလ်ကောင်းမှုပဲ
မဟုတ်ဘူးလား။ ဟုတ်တယ်။
ဒါကြောင့်လည်း ကျေးဇူးတော်ရှင်
#ယောဆရာတော်ဘုရားက
သားသမီးကို ကျွေးမွေးနေတာလည်း နိဗ္ဗာန်ရောက်ကြောင်း၊
ကလေးပုခက်လွှဲနေတာလည်း နိဗ္ဗာန်ရောက်ကြောင်း၊ ထမင်းဟင်းချက်နေတာလည်း နိဗ္ဗာန်ရောက်ကြောင်းတဲ့။
❖သဒ္ဓါမပါဘူးဆိုရင်
တစ်နေ့တစ်နေ့ ထမင်းဟင်းချက်နေရတာကိုက
ငြီးငွေ့စရာကြီးနော်။
တစ်နေ့လာလည်း ချက်ရ၊ တစ်နေ့လာလည်း
ချက်ရနဲ့ သူတို့စားဖို့သောက်ဖို့ ချက်နေရတာ၊
သူတို့ကျွန်ခံနေရတာဘယ်တော့မှ လွတ်ပါ့မလဲ
မသိဘူးဆိုပြီးတော့ ဒေါသဖြစ်နေရင်
ဘယ်လောက်စိတ်ပင်ပန်းထားတုန်း။
❖ရိပ်သာမှာ အလှူအတန်းတွေဘာတွေ လုပ်ပြီးတော့
ထမင်းဟင်းချက်နေရတာကျတော့ ကျွန်ခံရတယ်လို့
ထင်ရဲ့လား။ မထင်ဘူး။ ဝေယျာဝစ္စကုသိုလ်ယူရတယ်လို့
သတ်မှတ်ထားတာဆိုတော့ အိပ်ရေးပျက်ခံပြီးတော့
ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ချက်ရပြုတ်ရ ပျော်နေတာပါပဲ။
ကိုယ့်အိမ်ကလူတွေ စားဖို့ချက်ရတာကျတော့ စိတ်တောင်
သိပ်မပါချင်တော့ဘူးနော်။
❖ ဒီထမင်းဒီဟင်းကို ချက်တာပဲနော်။ ဘာကွာသွားတုန်း။
စိတ်ထားကွာသွားတာနော်။ ဘုန်းကြီးကျောင်းမှာတို့၊
အလှုအတန်းမှာတို့၊ ကုသိုလ်ပွဲတွေမှာကျတော့ သဒ္ဓါတရားနဲ့ချက်တာလေ။ ကိုယ့်အိမ်မှာကျတော့ ဝတ္တရားအရ ချက်တာ။
ဝတ္တရားအရဆိုတော့ စေတနာမပါဘူးပေါ့နော်။
❖ စေတနာလေးထည့်ချက်၊ သဒ္ဓါလေးထည့်ချက်၊ မေတ္တာလေးထည့်ချက်။ ထမင်းဟင်းချက်တာ ကိုယ်စားဖို့သောက်ဖို့
ချက်နေရတာဆိုရင်တော့ ပျင်းစရာကြီးပေါ့။ အိမ်သူအိမ်သား
တွေ ကောင်းကောင်းမွန်မွန် စားကြသောက်ကြပါစေဆိုတဲ့
မေတ္တာလေးနဲ့ ချက်ရင်တော့ ပျော်စရာကြီးပေါ့။
❖ မေတ္တာဆိုတာ စိတ်ထဲမှာ တစ်ချက်ကလေး
မေတ္တာဓာတ် ဖြစ်ရုံသက်သက် မဟုတ်ဘူး။
ချက်ပြုတ်နေစဉ်ကာလတစ်လျှောက်လုံး
စိတ်ထဲကနေ အထပ်ထပ် ပွားများနေရမှာ။
❖ စိတ်ဆိုတာ အားချိန်အများကြီးရှိပါတယ်။
လူဘယ်လောက်အလုပ်ရှုပ်ရှုပ်၊ လက်ဘယ်လောက်
အလုပ်ရှုပ်ရှုပ်၊ ပါးစပ်ဘယ်လောက်အလုပ်ရှုပ်ရှုပ်၊
စိတ်ကတော့ အားနေတာပဲ။ အဲဒီတော့ ထောင်းရင်း
ထုရင်း၊ ချက်ရင်း ပြုတ်ရင်း၊ မွှေရင်း နယ်ရင်းနဲ့
စိတ်ထဲကနေ မေတ္တာလေးပွားနေပေါ့။
" အိမ်သူအိမ်သားတွေ ကောင်းကောင်းမွန်မွန်
စားနိုင်ကြပါစေ၊ အာဟာရ ပြည့်ဝကြပါစေ၊
ကျန်းမာချမ်းသာကြပါစေ၊ " စသည်အားဖြင့်ပေါ့။
❖ အဲဒါဆိုရင် ကိုယ်ချက်လိုက်တဲ့ ထမင်း သဒ္ဓါထမင်း၊
မေတ္တာထမင်း၊ ကိုယ်ချက်လိုက်တဲ့ဟင်းက သဒ္ဓါဟင်း၊
မေတ္တာဟင်း၊
ကိုယ်လျှော်လိုက်တဲ့ အင်္ကျီ လုံချည်ကလည်း
သဒ္ဓါအင်္ကျီ သဒ္ဓါလုံချည်၊ မေတ္တာအင်္ကျီ မေတ္တာလုံလျည်။
ကဲ... ဘယ်လောက်များ ကောင်းထားတုန်းနော်။
❖ ကိုယ်နဲ့အနီးကပ်ပတ်သက်နေတဲ့ သက်ရှိပုဂ္ဂိုလ်တွေ
အပေါ်မှာလည်း သဒ္ဓါနဲ့ချစ်၊ မေတ္တာနဲ့လည်း ချစ်ပါ။
အနီးကပ်မဟုတ်တဲ့ သတ္တဝါအားလုံးအပေါ်မှာလည်း
သဒ္ဓါနဲ့လည်းချစ်၊ မေတ္တာနဲ့လည်း ချစ်ပါ။
သက်ရှိသက်မဲ့တွေအပေါ်မှာ သဒ္ဓါနဲ့၊ မေတ္တာနဲ့ ချစ်ရင်
အဲဒီချစ်ခြင်းဟာ မြင့်မြတ်သော ချစ်ခြင်းပါပဲ။
¤¤¤¤¤
#ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadawdha
machannallive/ တွင်လည်းဖတ်ရှူလေ့လာနိုင်ပါသည် ။
No comments:
Post a Comment