Wednesday, January 25, 2017

နိဗ္ဗာန်အကြောင်းအရာ သိကောင်းစရာများ



နိဗ္ဗာန်၏ ဂုဏ်တော်များ
_
ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်သည်မြတ်နိဗ္ဗာန်ပင်ဖြစ်ပါသည်။

နိဗ္ဗာန်တွင်
၁။ “ ခယဂုဏ်တော် ”
============ ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက် သည်နှင့် တပြိုင်နက် ရာဂစသော ကိလေသာအချို့သည် လည်းကောင်း၊ ထိုကိလေသာ ရှိသူတိုင်း (ခုနှစ်ဘ၀ နောက် ရရှိမည့်) ရုပ်နာမ်တို့သည် လည်းကောင်း ကုန်ခမ်းကြရတော့၏။ အထက်မဂ်များကိုရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာကို့၏ လည်းကောင်း၊ ရုပ်နာမ်တို့၏ လည်းကောင်း ကုန်ခန်းကြောင်း “ ခယဂုဏ်တော် ”နှင့် ပြည့်စုံပါသည်။
၂။ “ ၀ိရာဂဂုဏ်တော် ”
============ တတ်မက်ခြင်းသဘောကို ပါဠိလို “ ရာဂ ” ဟုခေါ်၏။ ထိုရာဂသည် ရုပ်နာမ် ခန္ဓာအပေါ်၌ လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌ လည်းကောင်း ဖြစ်ရသောတရားတည်း။ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံး မစပ်တော့ရကား “ ၀ိရာဂ- ရာဂမရှိ ” ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
၃။ “ အမတဂုဏ်တော် ”
============“ သေခြင်း ” ဆိုသည်မှာ တစ်ဘ၀အတွက် နောက်ဆုံး ပျက်ခြင်းတည်း။ ထိုအပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏။ ပျက်ဖို့ ရှေ့ရှုနေသော (ပျက်ဖို့ပြင်နေသော) သဘောကို “ အိုခြင်း၊ ဆွေးမြေ့ခြင်း ” ဟု ခေါ်၏။ ပါဠိလို ဇာတိ၊ ဇရာ၊ မရဏ။ မြန်မာလို ဖြစ်ခြင်း၊ (ရင့်ရော်ခြင်း)အိုခြင်း၊ သေခြင်း(ပျက်ခြင်း)၊ ဟူသော သဘောသည် ရုပ်တရား၊ နာမ်တရားတို့၏သဘောဖြစ်၏။ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထို နိဗ္ဗာန်သည် သေခြင်း “ မတ ” မရှိရကား“ အမတဂုဏ်တော် ” နှင့်လည်း ပြည့်စုံပါသည်။
၎။ “ ပဏီတဂုဏ်တော် ”

နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာပုဂ္ဂိုလ်များအတွက် ( စား၍ မ၀နိုင်
အောင် အရသာရှိသော အစာကဲ့သို့ ) မကြာမကြာ အာရုံပြု၍ နေချင်စရာကောင်းလောက်အောင်အရသာရှိသော တရားတော်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် ( ဖလသမာပတ်ကို ၀င်စားကာ ) ထို နိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော် မူလေ့ရှိ၏။ တရားဟောတော် မူတုန်းမှာပင် ပရိသတ်က သာဓုသာဓုခေါ်ပြီးမှ တရားကို ဆက်၍ဟောတော်မူ၏။ နိဗ္ဗာန် တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူး တရားမွန် ဖြစ်သောကြောင့်
“ ပဏီတဂုဏ်တော် ” နှင့်လည်း ပြည့်စုံပါသည်။

{ အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာကို ကိုးကား ရေးသားပူဇော်ပါသည်။ }



နိဗ္ဗာန်၏ ကြည်ညိုဖွယ်ရာ ဂုဏ်ပုဒ်များ

++++++++++++++++++

၁။ မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)

၂။ တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယော)

၃။ ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)

၎။ ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ)

၅။ တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)

၆။ ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂေါ)

၇။ တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော)

၈။ အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)

၉။ အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)

၁၀။ သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)

၁၁။ မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)

၁၂။ သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)

၁၃။ ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)

၁၄။ ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)

၁၅။ သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)

၁၆။ ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)

၁၇။ သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)

၁၈။ ဘေးမရှိသော နှောက်ယှက်ပုပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)

၁၉။ ၀ဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)

၂၀။ ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)

၂၁။ သြဂမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)

၂၂။ ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (၀ိသုဒ္ဓိ)

၂၃။ သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (၀ရံ)

၂၄။ သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)

၂၅။ အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)

၂၆။ ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)

၂၇။ အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)

၂၈။ အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)

၂၉။ လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ဆင်ခြင်အောက်မေ့ရာ၏၊
ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊
ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။

လယ်တီဆရာတော် ကမ္မဋ္ဌာန်းကျမ်း။ စာ-၁၉၃။



♦♦ ဘယ်မှာလဲ နိဗ္ဗာန် ♦♦
*

မိလိန္ဒမင်းကြီးက `အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လဲ ရှေးကလူတွေ တွေ့ဖို့ကောင်းတယ်၊ ရှိဆဲဆိုရင်လဲ အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လဲ တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရား´လို့ အရှင်နာဂသိန်ကိုမေးလိုက်တယ်။ ဒီတော့ အရှင်နာဂသိန်က `ဘယ်ကာလမှာမှ မရှိဘူး´တဲ့။ အတိတ်မှာလဲ မရှိဘူး၊ ပစ္စုပ္ပန်မှာလဲ မရှိဘူး၊ အနာဂတ်မှာလဲ မရှိဘူး။

`ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရား´

`ရှိပါတယ်´၊ ဥပမာအားဖြင့် ၀ါးလုံးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ၀ါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့ မီးထွက်လာတာဟာ ဘယ်ကမီးလဲဆိုရင် ၀ါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ အရင် ရှိနှင့်တာလားဆိုရင်လဲ မဟုတ်ဘူး၊ ပွတ်ဆဲရှိတာလားဆိုရင်လဲ မဟုတ်ဘူး၊ ရှိလတံ့လားဆိုရင်လဲ မဟုတ်ဘူး။ ဒီအတိုင်းပဲ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ မရှိဘူးလားဆိုရင် အနိစ္စ ဒုက္ခ အနတ္တ ဒီတရားသုံးပါးနဲ့ ၀ိပဿနာဉာဏ်နဲ့ ပွတ်ပေးလိုက်ရင် ၀ါးနှစ်လုံးပွတ်တော့ မီးထွက်သလို နိဗ္ဗာန် ထွက်လာတယ်တဲ့။

ဒါဖြင့် ဘယ်ကာလမှာ ရှိသလဲဆိုရင် ဘယ်ကာလမှာမှ မရှိဘူး။ ပွတ်တဲ့ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ ၀ိပဿနာအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရှိတယ်၊ မလုပ်တဲ့ပုဂ္ဂိုလ်မှာ မရှိဘူးလို့ မှတ်လိုက်ပါ။ ဒီအတိုင်းပဲ ခန္ဓာရဲ့ ဖြစ်ပျက်နဲ့ ကိုယ့်ဉာဏ် မဂ်နဲ့ ကြပ်ကြပ်ပွတ်ပေးပါ။ ဝေဒနာက္ခန္ဓာဖြစ်ဖြစ်၊ ၀ိညာဏက္ခန္ဓာဖြစ်ဖြစ် ဉာဏ်နဲ့သာ ပွတ်ပေး။ အနိစ္စဉာဏ်နဲ့ ပွတ်ပေး၊ ဒုက္ခဉာဏ်နဲ့ပွတ်ပေး၊ အနတ္တဉာဏ်နဲ့ ပွတ်ပေး။ ဒီလိုပွတ်ပေးလိုက်ရင် မီးနဲ့ တူတဲ့နိဗ္ဗာန်ဟာ အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်၊ ဒုက္ခအဆုံးမှာ သုခနိဗ္ဗာန်၊ အနတ္တအဆုံးမှာ အတ္တနိဗ္ဗာန်ဆိုတာ ပေါ်လာမှာပဲတဲ့။

ဝါးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ဘယ်ဝါးမှာမှ မီးရှိနေတာမဟုတ်ပါဘူး၊ ပွတ်တိုက်ခြင်း လုံ့လပယောဂကြောင့်သာလျှင် မီးထွက်လာရသလို ခန္ဓာကို အနိစ္စတရားနဲ့ ရှု၊ မဂ္ဂတရားနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ မီးနဲ့တူတဲ့ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ ဒါဖြင့် နိဗ္ဗာန်ဟာ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ရထိုက်တယ်၊ အားမထုတ်တဲ့ပုဂ္ဂိုလ်မှာ မရထိုက်ဘူး။ နိဗ္ဗာန်မရှိဘူးလားမေးရင်တော့ ရှိတယ်။ ဘယ်လိုနည်းနဲ့ နိဗ္ဗာန်ပေါ်လာအောင် လုပ်ရပါလိမ့်မလဲဆိုရင်တော့ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရမယ်။ ဖြစ်ပျက်နဲ့ မဂ် တိုက်ပေးရမယ်။ မနောထဲက ဉာဏ်နဲ့ ခန္ဓာနဲ့ တိုက်ပေးရမယ်။ ၀စီကံနဲ့ ဆုတောင်းတာဟာဖြင့် ဝေးသောအကြောင်းသာ ဖြစ်ပါလိမ့်မယ်။ မနောကံနဲ့ ပွတ်တိုက်ပေးလိုက်ရင်တော့ အင်မတန်နီးသောအကြောင်းဖြစ်လို့ အားစိုက်လိုက်ရင် မီးပွင့်လာတာပဲ။ ဒါဖြင့် နိဗ္ဗာန်ဟာ လူတိုင်းမှာ ရှိသလားဆိုရင်လဲ မရှိပါဘူး။ အနိစ္စနဲ့ မဂ္ဂတိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ မတိုက်တဲ့ပုဂ္ဂိုလ်မှာတော့ မရှိဘူး။ နိဗ္ဗာန်ဟာ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ယူရပါတယ်။ ခန္ဓာက ဖြစ်ပျက်၊ ဉာဏ်က မဂ် မခွဲစေနဲ့။ ခန္ဓာဖြစ်ပျက် ဉာဏ်မဂ်နဲ့ မခွဲကြလို့ရှိရင်ဖြင့် ခန္ဓာဖြစ်ပျက်လဲ ဆုံးပါရော မီးပွင့်တာအမှန်ပါပဲ။

ဝါးနှစ်လုံးပွတ်တိုက်လိုက်တော့ ပွတ်ဖန်များသဖြင့် မီးထွက်ရသလို အနိစ္စနဲ့ မဂ္ဂ ကြပ်ကြပ်တိုက်ပေးပါ။ အနိစ္စနဲ့ မဂ္ဂမတိုက်ရင် ကိလေသာရှိနေလို့ မီးနဲ့ တူတဲ့နိဗ္ဗာန်က ထွက်မလာဘူး။ တိုက်ဖန်များတော့ ကိလေသာက ပါးပါး ပါးပါး သွားလို့ ကိလေသာဝေးတဲ့အချိန် နိဗ္ဗာန်တည်းဟူသောမီးဟာ ထွက်လာရတယ်။ ဘာကြောင့် နိဗ္ဗာန်မထွက်တာလဲဆိုရင်တော့ ကိလေသာမဝေးသေး ပွတ်တိုက်မှုနှေးသေးလို့ပဲ။ ဒါကြောင့် အနိစ္စနဲ့ မဂ္ဂမတိုက်ရင် ရကို မရဘူးလို့သာ မှတ်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် ကိလေသာကို မဂ်ကမှ ဖြတ်နိုင်တာ။ ရှေ့က အနိစ္စ၊ မြင်တာက မဂ္ဂ။ မဂ်ဝင်တော့ ပဋိစ္စသမုပ္ပါဒ် ရှေ့ဆက်လို့မရတော့ဘူး။ ရှုစရာသာပေါ်လာလို့ ရှုပ်ထွေးတဲ့ ကိလေသာ လာခွင့်မရတော့ဘဲ ဝေးသွားတယ်။ ကိလေသာဝေးတဲ့အခါ ဖြစ်ပျက်အဆုံးမှာ တိုက်ဖန်များတော့ မီးထွက်လာရသလို နိဗ္ဗာန်ဟာ ပေါ်ထွက်လာတာပဲတဲ့။ ကြပ်ကြပ်သာရှုလို့ရှိရင် ကိလေသာဝေးပြီး မီးထွက်ကိုထွက်ရမယ်လို့ ယုံကြည်ထားလိုက်ပါ။

_

နိဗ္ဗာန်
_
နိဗ္ဗာန် ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည် ။ ငြိမ်းသတ်သည် ဟု ဆိုလိုသည် ။ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟမီးများကို
ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။ (ရတနသုတ်တွင် တွေ့နိုင်သည်။) တဖန် နိဗ္ဗာနဟူသောပုဒ်သည် ပါဠိဘာသာ နိ နှင့် ၀ါနကိုပေါင်းထား
ခြင်းဖြစ်သည်။ နိ-မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ၀ါန - တဏှာ။
နိဝါန =နိဗ္ဗာန =တဏှာမရှိခြင်း၊ တဏှာမှကင်းလွတ်ခြင်းဖြစ်သည်။

နိဗ္ဗာန်´ဆိုသည်မှာဗုဒ္ဓဘာသာဝင်များ၏အစွန်းစွန် ဘာသာရေး ရည်မှန်းချက် ဖြစ်ပေသည်။ မဟာယာနနှင့် ထေရ၀ါဒဟူ၍ ဂိုဏ်းကြီးနှစ်ခု ကွဲသကဲ့သို့ နိဗ္ဗာန်နှင့်ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့်ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်၎င်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍ ၎င်းကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြ ထားသည်။သို့သော် ထေရ၀ါဒတွင်မူ ဆရာစဉ်ဆက်နှင့်ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ်မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှသာလျှင် `နိဗ္ဗာန်´ ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။

ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁-ဘုံ၌ရှိကြသောသတ္တဝါတို့သည် သံသရာ လည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန်သို့ရောက်ရှိပြီးနောက် သံသရာအသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။ နိဗ္ဗာန်သည် ကောင်းကင်ဘုံ ကဲ့သို့ နေရာအဖြစ်မရှိပေ။ နိဗ္ဗာန်သည် သံသရာနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ အချုပ်အားဖြင့် နိဗ္ဗာန် ဆိုသည်မှာ တပ်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ)ဟူ၍ အဓိပ္ပါယ်ရသည်။ ဘ၀တစ်ခုနှင့်တစ်ခုကို ဆက်စပ်ပေးတတ်သော တက်မက်မှု (တဏှာ)မဖြစ်ရာ ကုန်ဆုံးရာ(တဏှာ)မှ လွတ်မြောက်ရာ၊လွတ်မြောက်ကြောင်းပင်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအရ နိဗ္ဗာန် နှစ်မျိုးရှိပါတယ်။
၁) သဥပါဒသေသ နိဗ္ဗာန်
၂) အနုပါဒသေသ နိဗ္ဗာန် တို့ဖြစ်သည်။

၁) သဥပါဒသေသ နိဗ္ဗာန်
မသေမီ လက်ရှိတည်ရှိနေသော ခန္ဓာ ၅ ပါး မပျက်ဆီးသေးဘဲ ၊ မိမိသန္တာန်၌ ပရိနိဗ္ဗာန်မပြုမီ အတွင်း ကိလေသာတို့၏ လုံးဝမဖြစ်ပေါ်
နိုင်သောအားဖြင့်ကုန်ဆုံးချုပ်ငြိမ်းခြင်းသည် သဥပါဒိသေသနိဗ္ဗာန်ဖြစ်ပါတယ်။
* ပထမမဂ်ဉာဏ်ရသော သောတာပန်သည် သောတာပန်ကို မြင်အပ်၊ရအပ်သော သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။
* ဒုတိယမဂ်ဉာဏ်ရသော သကဒါဂါမ်သည် သကဒါဂါမ်ကို မြင်အပ်၊ ရအပ်သော သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။
* တတိယမဂ်ဉာဏ်ရသော အနာဂါမ်သည် အနာဂါမ်ကို မြင်အပ်၊ ရအပ်သော သဥပါဒသေသ နိဗ္ဗာန် ကိုရ၏။.

၂) အနုပါဒသေသ နိဗ္ဗာန်
သေပြီးနောက် ဘ၀မကူးတော့ပဲ ရအပ်သောနိဗ္ဗာန်ကို အနုပါဒသေသ နိဗ္ဗာန်ဟု ခေါ်သည်။ ထို အနုပါဒိသေသနိဗ္ဗာန်ကို ခန္ဓာတို့၏ အပြီးသတ် ချုပ်ငြိမ်းမူ ဖြစ်သောကြောင့် ခန္ဓနိဗ္ဗာန်ဟု ဗုဒ္ဓဘုရားရှင်က
ဟောကြား တော်မူခဲ့ပါတယ်။
* စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာသည် သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ်
အတောအတွင်း နိဗ္ဗာန်သန္တိသုခချမ်းသာကြီးကို (၇) ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ၀င်စား၍နေနိုင်၏။ သေသောအခါ ခန္ဓာပြန်မရတော့ပဲ ဘ၀တစ်ဖန် ပြန်မဖြစ်တော့သည့် အနုပါဒသေသ နိဗ္ဗာန်ကို စံဝင်နိုင်ကြရပါသည်။
+ ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် သစ္စာ၎ပါးကိုသိမြင်ပြီး ဘုရားဖြစ်ပြီးတာနဲ့  သတ္တသတ္တာယ (၇) ဌာနမှာ ၄၉ ရက်တိတိကို မစားဘဲ၊ မသောက်ဘဲ၊
မအိပ်ဘဲ၊ အသက်မရှုဘဲ၊ မယိုမပေါက်ဘဲ နိဗ္ဗာန်ချမ်းသာကို ခံစားခဲ့ပါတယ်။
.
နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
1. မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
2. တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယော)
3. ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
4. ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ)
5. တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
6. ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂေါ)
7. တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော)
8. အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
9. အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
10. သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
11. မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
12. သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
13. ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
14. ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
15. သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
16. ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
17. သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
18. ဘေးမရှိသော နှောက်ယှက်ပုပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
19. ၀ဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
20. ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
21. သြဂမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
22. ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (၀ိသုဒ္ဓိ)
23. သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (၀ရံ)
24. သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
25. အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
26. ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
27. အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
28. အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
29. လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)

နိဗ္ဗာန် ဆိုတာ အမှန်တကယ်ရှိကြောင်း၊ နိဗ္ဗာန်ရဲ့  လွတ်မြောက်ခြင်း (၀ိမုတ္တိရသ) ၊ အေးငြိမ်းခြင်း (သန္တိသုခ) ကို
- သမ္မာသဗုဒ္ဓ ဘုရားရှင်များ
- ပစ္စေကဗုဒ္ဓ ဘုရားရှင်များ
- အဂ္ဂသာဝက ရဟန္တာများ
- မဟာသာဝက ရဟန္တာများ
- ပဋိသမ္ဘိ ရဟန္တာများ
- ပကတိ သာဝက ရဟန္တာများ
- အနာဂါမ် လူ ၊ နတ်၊ ဗြဟ္မာ ၊ ရဟန်း များ
- သကဒါဂါမ် လူ ၊ နတ်၊ ဗြဟ္မာ ၊ ရဟန်း များ
- သောတာပန် လူ ၊ နတ်၊ ဗြဟ္မာ ၊ ရဟန်း များ အားလုံး ကိုယ်တိုင် ကိုယ်ကျ မြင်နိုင် သိနိုင် ၊ မျက်မှောက်ပြုနိုင်ကြတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့လူသားတွေဟာ မွေးကတည်းက (လောဘ၊ ဒေါသ ၊ မောဟ) ကိလေသာများနှင့် တိုးတတ် ကြီးပြင်း လာနေကြတဲ့အတွက် ကိလေသာများချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဘယ်လောက်ပဲပြောပြနေပါစေ ဘယ်လိုမှ အစ အန တောင် သိမြင်နိုင်မှာ မဟုတ်ပါဘူး။ မိမိသဏ္ဍန်မှာရှိနေသော ကိလေသာတရားဆိုးများကို ဖယ်ရှားရှင်းလင်းပါယ်သတ်ပြီးတဲ့
အခါမှာသာလျှင် ကိလေသာကင်းငြိမ်းရာ မြတ်နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင် ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

ဆင်တူဝေါဟာရ နှင့်ပရိယာယ် အဟောများကိုပါ ဘာသာပြန်လျှင် နိဗ္ဗာန် ၏ဂုဏ်ပုဒ်များမှာ -
ကံ၊ စိတ်၊ ဥတု ၊ အာဟာရ တို့၏ပြုပြင်စီရင်ခြင်းမှ လွတ်သော တရား၊အလုံးစုံငြိမ်းချမ်းခြင်း၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း၊ တဏှာမှ ကင်းလွတ်ခြင်း၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊မွေး၊ အို၊ နာ၊ သေ မရှိခြင်း၊ စွန့်လွတ်ခြင်း၊ လွတ်မြောက်ခြင်း၊ မကပ်ငြိခြင်း၊ ဘ၀မရှိခြင်း၊ ပူဆွေးမှုမရှိခြင်း၊ ငိုကြွေးမှုမရှိခြင်း၊ သောကမရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။

ဒီဃနိကယ် မဟာသတိပဌာနသုတ်တော်(အဌကထာ)တွင်းမှ ဂုဏ်ပုဒ်များဖြစ်သည်။ သဠာယတန -သံယုတ် ပါဠိတော်လာ ဂုဏ်ပုဒ်များကို ပထမရွှေကျင်ဆရာတော်ဘုရား အနက်ပေးထားရာ နိဗ္ဗာန်၏ ဂုဏ်ပုဒ် (၃၀) ရှိသေးသည်။

ဒုက္ခ နိရောဓသစ္စာ ၊ သုညတ၊ အမတ၊ နိဗ္ဗာန် ၊ အသင်္ခတ ၊ အဘူတ ၊ သန္တိ ၊ ခေမ စသော ဝေါဟာရအားလုံးကို ဘာသာပြန်လျှင် လွန်စွာများပေလိမ့်မည်။ ထို့ကြောင့်လည်းတိုတိုရှင်းရှင်းနှင့်ထိထိမိမိ အတိအကျနားလည်အောင်
ဖော်ပြနိုင်သော ဘာသာစကားမရှိဟုဆိုကြရပေသည်။ အဂ္ဂသာဝကကြီးများ၊ ရဟန္တာကြီးများ၏နိဗ္ဗာန်ကို ဖွင့်ဆိုချက်များသည်လည်းတမူထူးခြားသည်။
တင်ပြခဲ့သမျှတွင် နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း၊ ရှိကြောင်းနှင့် နိဗ္ဗာန်ကိုရရှိရန် ပြည့်စုံသိရှိ နားလည်ရန် သတိပဌာန်
လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်းကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့်ကြည်ညိုလို့ ရပါသည်။

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ ဂုဏ်တို့ကိုအသီးသီး ဆင်ခြင်အောက်မေ့သည်ရှိသော် အလွန်စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။ နိဗ္ဗာန်၏သဘောကို
မိလိန္ဒမင်းနှင့်အရှင်နာဂသိန် တို့၏အမေးအဖြေတွင်လည်း ကြည့်ရှုနိုင်သည်။

လောကမှာ အကြင်လင်မယားရယ်လို့ အများလက်ခံအတည်ပြုနိုင်ကြသော ဇနီးမောင်နှံများစွာရှိတာကို မြင်တွေ့သိသာပါတယ်။ လင်မယားအရာ
မြောက်ကြပြီဟုအများက လက္ခံအသိအမှတ်ပြုရန် (တစ်နည်းဆိုသော် တရားဝင် လင်မယားအရာရောက်ရှိရန်) ဓလေ့ထုံးတမ်းစဉ်လာ တစ်ရပ်ရပ်အတိုင်းလိုက်နာဆောင်ရွက်ပြီးဖြစ်ရပါတယ်။ ဥပမာ ပဋ္ဋိဥာဉ်ပြုခြင်း စသည်တို့တွင်ကတိက၀တ်ပြုပြီးသည်နှင့်တစ်ပြိုင်နက် အဆိုပါ လင်မယားတို့၌ရုပ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း ထွေထွေထူးထူးမရှိသော်လည်း လင်မယားအရာစတင်ရောက်သွားပြီး (တစ်ဦးကိုတစ်ဦး ချစ်ခင်နှစ်သက်၍သာယာ ပျော်ရွှင်ကြမည်ဟုလည်းထင်တတ်ကြ၍ ပေါင်းသင်းရန်ကြိုးပမ်းကြခြင်းဖြစ်သော်လည်း) လင့်ဝတ်တရား၊ မယားဝတ်တရား စသော တာဝန်တို့ပါပူးတွဲပါရှိသွားပြီးဖြစ်ပါသည်။(အဆိုပါတာဝန်တို့သည်ကား လွယ်ကူကြည်ဖြူစွာထမ်းဆောင်နိုင်မည် ထင်တတ်ကြသော်လည်း အချိန်အခါနေရာဒေသအခန့်မသင့်သောအခါ ငြူစူဆင်းရဲပင်ပမ်းစေသောတာဝန်များ ဖြစ်ကောင်းဖြစ်လာတတ်ပါသည်။) ဤသည်ပင် ဘ၀တဏှာရှိ၍ ဘ၀အသစ်ရရှိတိုင်း ဆင်းရဲဒုက္ခအစစ်အမှန်ဖြစ်ကြောင်း ထပ်ချပ်မကွာ လိုက်လံပြမည့် ခန္ဓာဝန်ကြီးရသလိုဖြစ်နေပါသည်။အကြင်လင်မယား တို့တရားဝင်ကွာရှင်းပြတ်စဲပြီးစီးခြင်းကိုလည်းမြင်တွေ့ဖူးကြပါလိမ့်မည်။

သမုဒယနှောင်ဖွဲ့လျက် မခွဲနိုင်မခွါရက် ဖြစ်နေကြစဉ်ကထက ရုတ်တရက် ဘာများသိသာ ထင်ရှား ကွာခြားသွားကြပါသလဲ။ တစ်ဦးအပေါ် စ်ဦးပြုရန် တာဝန်အနှောင်အဖွဲ့တွယ်ငြိမှုတို့မှ ကင်းလွတ်ခြင်းသာရှိသည်
မဟုတ်ပါလော။ (အရမ်းကာရော လိုချင်ကြသူတွေသာမက စိတ်မပါ့တစ်ပါဆုံစည်းလာကြသူတို့ပင် ပေါင်းသင်းကြရန် လွယ်သလောက် ရှင်းရှင်းပြတ်ပြတ်ခွဲခွါရန် အနှောင်အဖွဲ့အမျိုးမျိုးကြောင့်ခက်လှပါ၏။
သေလို့ခွဲရသည်ကိုပင် မခွဲနိုင်ကြ။ လာ၍စောင့်ရှောက်နေသည်၊ လူဝင်စားပြန်လာဖြစ်နေပါသည်ဟု သံယောဇဉ် အမြှင်တန်းတတ်ကြ သူတွေ တွေ့ဖူးကြမည် ထင်ပါသည်။)ဘ၀အသစ် ခန္ဓာအသစ်
ရန်ရောက်ရန် မမျှော့်လင့်မတမ်းတ မရလိုတာသေခြာပါက သင်သည်
သံသရာ ကျင်လည်ရခြင်းတည်းဟူသောဖြစ်စဉ်နှင့် ကင်းရှင်းပြတ်စဲ
ပေတော့မည်။ ကျင်လည်နေရခြင်းကို ဆင်းရဲသည်ဟု သတ်မှတ်ပါက ကင်းပြတ်လျှင် ချမ်းသာသည်ဆိုရခြိမ့်မည်၊ ကျင်လည်ရသည်ကို ချမ်းသာ ထင်ကြပါမူ ရပ်တန့်သွားခြင်းသည် ဆင်းရဲဟုထင်စရာပင် ဖြစ်နေဦးမည်။

___

စွန်းလွန်းဆရာတော် ဖြေကြားသော နိဗ္ဗာန် အကြောင်း
--------------------------------------------------
( ၁၂၈၇ ပြည့်နှစ်၊ ကဆုန်လဆုပ် ၄ -ရက်နေ့ ပဲခူးမြို့ အဗျားရွာတွင် ဖက်ပင်အိုင် ဆရာတော်ကြီးက မြင်းခြံ ဆရာတော်အား မေးမြန်းပြောဆိုခြင်း --- -- စကားချပ်။ ။ ဖက်ပင်အိုင် ဆရာတော်သည် စွန်းလွန်းဆရာတော် ထက် အသက် ၊ သိက္ခာဝါတော် ကြီးသောကြောင့် နှုတ်ဆက် စကားပြောကြားပြီး မေမြန်းပြောဆိုလေသည်၊ )
ဖက်ပင်အိုင်။ ။ မျက်စိနဲ့ အဆင်း ( ရူပါရုံ ) တွေ့သောအခါ မျက်စိက အဆင်းထံ သွားသလား၊ အဆင်းက မျက်စိ ထံ လာလေသလား။
ဖြေ။ ။ မျက်စိကလဲ မသွား၊ ရူပါရုံ ကလဲ မလာပါ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်နှယ် မြင်နိုင် သတုံးဗျ။
ဖြေ။ ။ သူ့ သတ္တိက ရှေးရူ့သောအခါ မြင်နိုင်ပါ ၏ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် အဆင်း ရူပါရုံက လာတာပေါ့ ဗျား
ဖြေ။ ။ မလာပါ ဘုရား၊ ( ဥပမာ ) နေကိုကြည့်သော သူသည် နေ၏ သတ္တိ အရောင်အလင်းကြောင့် မျက်စိကျိန်းခြင်းသာ ရှိပါ၏ဘုရား။ နေ၀န်းကြီးက မျက်စိထဲ ၀င်လာသည် မဟုတ်ပါ၊ မျက်စိကလဲ နေ၀န်းထဲ ၀င်သွားသည် မဟုတ်ပါဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် မြင်းခြံ ဆရာတော်-- နိဗ္ဗာန် အကြောင်းပြောစမ်းပါ၊
ဖြေ။ ။ နိဗ္ဗာန်ဆိုတာ ဘုရား၊ ( ဥပမာ ) ယောဂီပုဂ္ဂိုလ် တစ်ယောက်သည် ၀ိပဿနာ အားထုတ်၍ စိတ် စေတသိက် ရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ကြီးစွာသော ဆင်းရဲကြီး ဟုငြီးငွေ့လျက် ဆင်းရဲခြင်း၏ အကြောင်းကို ရှာက တဏှာ ကို သိရသည်နှင့် တပြိုင်နက် မဂ်က တဏှာကို ပယ်လိုက်တော့ အကြောင်း အကျိုး ပြတ်သွားပါရော၊ အဲဒီ မဂ်က မပယ်မီ ဖြစ် ပျက်နေတာက သင်္ခတ၊ နောက်တော့ အကြောင်း- အကျိုး ပြတ်၍ ဘာမှ မရှိတာကတော့ အသင်္ခတ - နိဗ္ဗာန် ပါဘဲ ဘုရား။
ဖက်ပင်အိုင် ။ ။ ၎င်းနိဗ္ဗာန်မှာ နေ၀န်း -လ၀န်း သဏ္ဍာန်များလို အရောင်တွေများ ရှိသလားဗျ။
ဖြေ။ ။ အရောင်တွေ မရှိပါ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် ဘယ်နှယ်နေတုံး ပြောစမ်းပါဗျာ။
ဖြေ။ ။ ပြောစရာ မရှိပါ ဘုရား။
ဖက်ပင်အိုင်။ ။ ဒါဖြင့် နိဗ္ဗာန် မရှိဘူးလား၊
ဖြေ။ ။ ရှိပါ၏ ဘုရား၊
ဖက်ပင်အိုင်၊ ။ စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရား လေးပါး ရှိတယ်မဟုတ်ဘူးလား။
ဖြေ။ ။ ရှိ်ပါတယ် ဘုရား၊
ဖက်ပင်အိုင်။ ။ အဲဒီ ပရမတ် ပြောဗျာ၊
ဖြေ။ ။ ဆရာတော်ဘုရား -
ဦးက၀ိက ပရမတ် ဆိုလျင် ဘာမှ ပြောစရာ မရှိ၊ လက်ပိုက် ထိုင်နေရုံပဲ ဘုရား။
ဖက်ပင်အိုင်၊ ။ နေစမ်းပါအုံးဗျာ။ ဟောဒီ ရွှေတုံးကြီးကို ခဲ လို့ ပြောဆိုကာမျှဖြင့် ၎င်းရွှေတုံးကြီး ခဲဖြစ်သွားမှာ လားဗျ၊
ဖြေ။ ။ မဖြစ်ပါ ဘုရား။ သို့သော်လည်း ပညတ် တရားတွေလို ဒြပ် -၀တ္ထု ပုံသဏ္ဍာန်နှင့် လက်ဆုပ်လက်ကိုင် မပြနိုင်ပါ၊ ရုပ် နာမ် တို့၏ ဖြစ် ချုပ် မရှိပဲ ငြိမ်းအေးသွားတာကို နိဗ္ဗာန် လို့ ခေါ်တာပဲ ဘုရား။
ဖက်ပင်အိုင်။ ။ ဥာဏ် ဆယ်ပါး ပွားများတာ ပြောစမ်းပါဗျာ။
ဖြေ။ ။ ( ဥပမာ ) ယောဂီ ပုဂ္ဂိုလ် တစ်ယောက်သည် အာနာပါန ရှု့ရင်း သမာဓိ တက်လာသောအခါ မိမိကိုယ်ပေါ်မှာ ဝေဒနာကို သတိထားမိပါရော ဘုရား။ အဲဒါ ပထမတော့ သညာအားဖြင့် ဝေဒနာပေါ်ပြီးနောက် ဖြစ် ပျက်ခြင်း ဓမ္မကို ဟုတ်တိုင်းမှန်စွာ မြင်ပါရော၊ ဒါနဲပ ကြောက်ခြင်း ရွံရှာခြင်း ဖြစ်ပါရော ဘုရား။
ဖက်ပင်အိုင်။ ။ ဥာဏ်ဆယ်ပါးဟာ တစ်ခုစီ ပွားရမည် မဟုတ်လားဗျ၊
ဖြေ။ ။ တစ်ခုစီ ပွားတာက ကိုယ့် အပေါ် မူတည်ပါတယ် ဘုရား။
ဖက်ပင်အိုင်။ ။တစ်ခုစီ မပွားလျင် ဘယ့်နှယ် လုပ်မှာ တုန်းဗျ။
ဖြေ။ ။ သမ္မသန ဥာဏ် သုံးသပ်ရုံမျှနှင့် ဖြစ်ပျက်ခြင်း ကြောက်ခြင်း ရွံ့ရှာခြင်းစသည် အစဉ်လိုက် ဖြစ်ပါရော ဘုရား။

https://muditar.blog.com
www.facebook.com/muditaralinnsayadaw/
www.facebook.com/muditaralinnsayadwdham
achannallive/ တွင်လည်းဖတ်ရှူနိုင်ပါသည် ။

No comments:

Post a Comment