
ကျွန်ုပ်တို့သည် အသက်မွေးရန်အတွက် အသက်မွေးဝမ်းကျောင်းပညာကိုသင်ယူလေ့လာ ကြသည်။ဆေးကုတတ်အောင် ဆေးပညာ၊ အဆောက်အဦး၊လမ်း၊တံတားတွေတည် ဆောက်တတ်အောင်အင်ဂျင်နီယာပညာ စသည်ဖြင့် ၀ါသနာပါရာ၊လက်လှမ်းမှီရာ၊အဆင်ပြေရာ ပညာအရပ်ရပ်တို့ကို ဆည်းပူးလေ့လာသင်ယူကြပေသည်။ အဘယ်ကြောင့်မူ- စားရေး၊၀တ်ရေး၊ နေထိုင်ရေးတို့အတွက်ဖြစ်၏။ထို စားဝတ်နေရေးတို့အတွက်ပညာသင်ယူကြရာ၌ သူ့ထက်ငါအပြိုင်အဆိုင်သင်ယူကြပေသည်။
တချို့မှာမူ ကိုယ့်ထက်တခြားသူက ပိုတော်သွားလျှင်ပင် မနာလိုဝန်တို၊အပုပ်ချ၊ အတင်းပြော ကာဂုဏ်သတင်းနွမ်းအောင် ပြုလုပ်တတ်ကြသည်။ သူတစ်ပါးတို့ထက်သာချင်သော အနိုင်ရယူလိုမှု မှားယွင်းနေသည်။ အဓမ္မကို မမ္မဖြင့်အနိုင်ယူရာ၏ ဆိုသောဓမ္မပဒပါဠိ တော်အဆုံးအမအတိုင်း ကျင့်ကြံနေထိုင်သွားမှသာ ဂုဏ်ယူဖွယ်သော အနိုင်ရခြင်းဖြစ်သည် ကို သတိရှိရပါမည်။သူက လိုချင်လွန်းနေလျှင် ကိုယ်ကပေးကမ်းခြင်းဖြင့်၊ သူကခက်ထန်လွန်းနေလျှင်ကိုယ်ကမေတ္တာစိတ်ဖြင့်၊ သူကမဆင်မခြင် မိုက်မဲတွေဝေစွာ ကိုယ့်အပေါ် ပြစ်မှားစော်ကားနေလျှင်ကိုယ်က ဆင်ခြင်ဉာဏ်ရှေ့သွားပြီးဝေဖန်ပိုင်းခြားကာ လမ်းမှန်ကို ပြသပေးခြင်းဖြင့် တုန့်ပြန်အနိုင်ယူရမည်ဖြစ်၏။
သေမင်းကို အနိုင်ရချင်လျှင်လည်းဓမ္မဖြင့် အနိုင်ယူရမည်ဖြစ်သည်။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင် ဆိုသည့်အတိုင်းဘ၀မှာစားဝတ်နေရေး ပြေလည်ဘို့အတွက်ကြိုးစားရုန်းကန် နေကြသလို သေမင်းခေါ်ချိန်မှာ ပြုံးပြုံးလေးသေနိုင်ဘို့၊ အသေမြတ်ဖို့အတွက်လည်းကြိုတင် ပြင်ဆင်ကြရမည်ဖြစ်၏။သေကာမှအပုပ်ကောင် ရုပ်ဆောင်ကြသော ပန်းခွေကြီးတွေ၊ပန်းကုံးကြီးတွေ ခန္ဓာကိုယ်တစ်ခုလုံးဖုံးအုပ်ကာအလှဆင်ကြခြင်းကို အသေလှသည်ဟုခေါ်ဆိုသည် မဟုတ်ပါပေ။ အီဂျစ်နိုင်ငံကဘုရင်တွေလို မသေခင်မှာ သေသွားလျှင် ရုပ်အလောင်းကောင်ထားဘို့ ပိရမစ်ကြီးတွေတည်ဆောက်နေခြင်းမျိုးသည်လည်း အသေမြတ်အောင်ပြင်ဆင်နေခြင်းမျိုးမဟုတ်ပါပေ။ အချိန်ကုန် လူဆင်းရဲ၊ကိုယ်ကျိုးနည်းသော လုပ်ရပ်တို့သာ ဖြစ်နေတော့သည်။
မည်သူမသေရှိမလဲဟုမေးလျှင် မည်သူမျှမရှိပါပေ။ အားလုံးသေကြရမည့်သူများသာဖြစ်သည်။ ပုဂ္ဂိုလ်မသေအောင်ကတားလို့မရ၊ ဉာဏ်မသေအောင်တော့တားလို့ရသည်။ထိုသို့ ဉာဏ်မသေအောင်လုပ်နေခြင်းသည်ပင် အသေမြတ်အောင်ပြင်ဆင်နေခြင်းဖြစ်သည်။ ကံသာလျှင်အမိ ကံသာလျှင်အဖဆိုတာက လောကစကား၊ ဉာဏ်သာလျှင်အမိ ဉာဏ် သာလျှင်အဖ ဆိုတာက ဂေါတမမြတ်စွာဘုရား၏တရား၊ ၀ယဓမ္မ သင်္ခါရာ အပ္ပမာဒေနသမ္ပာဒေထ-ပြုပြင်ဖန်တီးတတ်သောတရားတို့သည် ပျက်ဆီးခြင်းသဘောရှိကြကုန်၏၊မမေ့လျော့သော သတိတရားဖြင့်ပြည့်စုံစွာနေရစ်ကြကုန်လော့။ ဟူသည့်မြတ်စွာဘုရား၏နောက်ဆုံးသော သတိပေးစကားကလည်းအသေမြတ်ချင် သေနည်းသင်ဟုဆုံးမနေသလိုပင်ဖြစ်ပါသည်။
ကာမနှင့် အချိန်ဖြုန်းခံတုန်းကောင်း၍ အကောင်းမဆုံး၊ဈာနနှင့် အချိန်ဖြုန်းခံတုန်း ကောင်း၍ အကောင်းမဆုံး ဟူသော ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ဓမ္မ နီတိအဆုံးအမကဲ့သို့အဆင်း၊အသံ၊အနံ့၊အရသာ၊ အထိအတွေ့ဟူသော ကာမဂုဏ်ငါးပါးတို့သည် အချိန်ကိုဖြုန်းခံစားနေတုန်းသာ ကောင်းသယောင်ယောင်ရှိသော်လည်းကိလေသာ တဏှာကကြီးထွားနေခြင်းကြောင့် သေချိန်ကြလျှင်တော့အကောင်းနှင့်အဆုံးသတ်မှာ မဟုတ်ပါပေ။ဈာန်တရားတို့ဖြင့်ခံစားကာ အချိန်ဖြုန်းနေခြင်းသည်လည်းဒိဋ္ဌိမပြုတ်သေး သောပုဂ္ဂိုလ်မှာမိုးဖျားဗြဟ္မာဖြစ်နေငြားသော်လည်း ဖောက်လွဲပါယ်ရွာ ရောက်ရသေးသကဲ့သို့ ဖြစ်တော့သည်။
သို့ဖြင့်မည်သို့ အချိန်ကို အသုံးချကြရမည်နည်း။ ဉာဏနှင့်အချိန်သုံး သုံးတုန်းကောင်းပြီးဘ၀ဆုံး ဟူ၍ ပြန်လှန်ကာနားလည်ကြရပါမည်။ သတိဉာဏ်နှင့်အချိန်ကိုအသုံးချရမည်။ ဉာဏ်လို့ပြောလိုက်တော့သတိကပါလာရသည်။ သတိရှိမှလည်းဉာဏ်ကဖြစ်သည်။သတိနှင့် ဉာဏ်ကခွဲထားလို့မဖြစ်ပါပေ။ အတူယှဉ်ဘက်တရားများဖြစ်ကြသည်။ဉာဏ်ရှိမှ တရားသဘောတို့ကို ဟုတ်တိုင်းမှန်စွာ တွေ့မြင်ရသည်။ဟုတ်တိုင်းမှန်စွာတွေ့မှလည်း ခင်တွယ်စရာမထင် ရွံရှာစရာမြင်တော့သည်။ ကိလေသာအညစ်ကြေးဉာဏ်ဖြင့်သာ စင်အောင်ဆေးနိုင်သည်။ ငုတ်လျှိုးကာ ပုန်းအောင်းနေသောကိလေသာအနုသယတို့သည် ကားယာခင်းထဲကမြက်ငုတ်တိုတို့နှင့်တူသည်။မိုးများ ရွာသွန်းလိုက်လျှင်စိမ်းစိုကာတထောင်းထောင်း သူ့ထက်ငါအပြိုင်ပေါက်လာကြသလို အတွင်းက အနုသယကိလေသာတို့သည်လည်း ဉာဏ်ဓားနှင့်အမြစ်ပြတ်ပယ်သတ်မထားလျှင် ကာမဂုဏ်ငါးပါးမိုးတို့ရွာသွန်းဖြိုးသောအခါ အဆင်းလှလှလေးတွေ၊အသံချိုချိုလေးတွေ၊ အနံ့မွှေးမွှေးလေးတွေ၊အရသာရှိရှိ လေးတွေ၊ အထိအတွေ့ကောင်းကောင်းလေးတွေနောက်သို့ တကောက်ကောက်ပါအောင် လိုက်တော့သည်သာဖြစ်သည်။
ကာမဂုဏ်ငါးပါးတို့နှင့်သာအချိန်ကိုမကုန်လင့်စေနှင့်။ သတိဉာဏ်နှင့်အမြဲဆင်ခြင်၊အသေမြတ်အောင် ပြင်ကြကုန်လော့။ဘုရား၊တရား၊ သံဃာတည်းဟူသောရတနာမြတ်သုံးပါးထံ အမြန်ဆုံးချဉ်းကပ်၊လောဘ၊ဒေါသ၊မောဟမီးများ အမြန်ဆုံးကုန်အောင်ဝိပဿနာဆေးမနှေးအမြန် သုံးဆောင်ကြကုန်လော့။ဤနည်းဖြင့် ကျန်ရှိနေသေးသောအချိန်တို့ကိုအကျိုးရှိ အောင် အသုံးချ၊သေကာကျမှနောင်တမရကြရအောင် မြတ်စွာဘုရား၏တရားရေးစင်အေး ရှိနေသေးချိန်တွင်မဂ္ဂင်တရားများ ပွားများကြကုန်လော့။
သတိသံဝေဂဖြစ်စေဘို့ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး၏-ခန္ဓာရတွက်၊သေဘို့ရက်၊ချိန်းချက်မရှိကြ။ သေခါနီးမှာ၊နိမိတ်လာ၊ရောက်ရာဘုံဘ၀။ ငရဲစရှိ၊ဒုဂ္ဂတိ၊မြင်ဘိထိုကာလ။ ရင်တွင်းလှိုက်ပူ၊ပွက်ပွက်ဆူ၊ကယ်သူဝေးမည်ပ။ ဘယ်သားဘယ်သမီး၊ဘယ်ပစ္စည်း၊ချည်းနှီးထိုကာလ။ မသာနှလုံး၊သေလွန်ဆုံး၊အရှုံးနာကြည်းစွ။ ချိန်မနှောင်းခင်၊ယခုပင်၊မြန်လျှင်အားထုတ်ကြ။ မဂ္ဂင်မှသာ၊အားကိုးရာ၊ခေမာဖြောင့်တန်းလှ။ အကုသလာ၊ကြွေးတွေဟာ၊များစွာအနန္တ။ မဂ်ဉာဏ်ဆိုက်ရောက်၊ကြွေးကုန်ပျောက်၊ ကဲမောက်လွန်ချမ်းမြ။ ဟူသောသံဝေဂလင်္ကာဖြင့် အသေမြတ်ချင် သေနည်းသင် ဓမ္မဒါနဆောင်းပါးကိုနိဂုံးချုပ်အပ်ပြီ။
Website - https:///muditar.blog.com
https://www.facebook.com/muditaralinnsayadwdhamachannallive/
တွင်လည်းဖတ်ရှူ နိုင်ပါသည် ။
--------------------------------------------------------------------------
No comments:
Post a Comment